လက်ရှိမှာ COVID-19 ရောဂါကြောင့် အစိုးရက ပြည်သူများကို တတ်နိုင်သမျှ အပြင်မထွက်ကြဖို့ တိုက်တွန်းထားပေမယ့် အပြင်မှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ပြည်သူတွေကို အဆိုတော် ချမ်းချမ်းက အခုလိုပဲ အားပေးစကား ပြောပါတယ်။
“ကိုရိုနာဗိုင်းရပ်စ်ကို အန်တုပြီး အပြင်မှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ပြည်သူတွေအတွက် အားပေးစကား ပြောချင်ပါတယ်။ ကျမတို့ ရောဂါကပ်ဆိုးကြီးရဲ့ဒဏ်ကို ခံစားနေကြတာ အတူတူပါပဲ။ စီးပွားရေး ကြပ်တည်းနေကြတာ အတူတူပါပဲ။ ဒီချိန်မှာ ချမ်းသာဆင်းရဲ ခွဲလို့ မရပါဘူး။ အားလုံးက ညီအစ်ကို မောင်နှမ စိတ်တွေနဲ့ တယောက်နဲ့ တယောက် ကူညီဖို့ လိုပါတယ်။ စိတ်ဓာတ်တွေ မကျပါနဲ့”လို့ ချမ်းချမ်းက ပြောပါတယ်။
ဆက်လက်ပြီးလည်း ချမ်းချမ်းက မဖြစ်မနေ အလုပ်ထွက်နေရတဲ့ ဝန်ထမ်းတွေကိုလည်း ကိုယ်ချင်းစာမိတယ်လို့ ဆိုပါတယ်။
“မဖြစ်မနေ အလုပ်ထွက် လုပ်နေရတဲ့ ဝန်ထမ်းတွေအတွက် အရမ်း ကိုယ်ချင်းစာပါတယ်။ ဒီထက်မကလည်း ပိုပြီးကောင်းမွန်တဲ့ အခြေအနေကို အမြန်ရောက်ဖို့ ဆုတောင်းပါတယ်။ အမြန်ဆုံး လုပ်ငန်းခွင်တွေ ပြန်လည်ပတ်နိုင်ကြပါစေလို့လည်း ဆုတောင်းပါတယ်။ အဲ့လို ဖြစ်လာဖို့ကလည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှသာလျှင် ကပ်ရောဂါကြီးက အမြန်ဆုံးပျောက်ကင်းသွားမှာပါ”လို့ ချမ်းချမ်းက ဆိုပါတယ်။
COVID-19 ကာလမှာ ချမ်းချမ်းက မရည်ရွယ်ဘဲ သရက်သီး ရောင်းဖြစ်သွားပြီး ရောင်းရတဲ့ အမြတ်ငွေတွေကို လှူဒါန်းဖြစ်ပုံကိုလည်း ပြောပြပါတယ်။
“ကျမ သရက်သီးရောင်းဖြစ်တာ ရောင်းဖို့ အစီအစဉ်မရှိဘူး။ အဖေနေတဲ့ နေရာက Lockdown ကျတဲ့ နေရာဆိုတော့ အပြင်ထွက်ဖို့ကို အဆင်မပြေတော့ သူတို့ စားချင်တာ စားလို့ မရဘူး။ မိဘတွေကို ပေးချင်လို့ သရက်သီး လှမ်းမှာတာ။ အဲ့မှာ အကြံတခုရသွားတာ။ ကုသိုလ်လည်းရ ဝမ်းလည်း ဝမယ်ပေါ့။ သရက်သီးတွေ ဝယ်စားရင်း သူတို့ အလှူငွေလေးတွေလည်း ပါမယ်ဆိုပြီး ကျမ လိုက်ရောင်းတယ်”
“အဲ့တော့ သရက်သီး ရောင်းရငွေက ၂ သိန်းလောက် ရတယ်။ အလှူငွေက ၂ သိန်းလောက် ရတယ်။ ၄ သိန်းလောက် လှူခွင့် ရလိုက်တယ်။ အရမ်း ပင်ပန်းပါတယ်။ ဒါပေမဲ့ ပျော်တယ်။ သရက်သီးတွေက အသီးတွေ ပူလိုက်အေးလိုက်နဲ့ ပုပ်လို့ ပစ်လိုက်ရတာတွေလည်း ရှိတယ်။ ကျမ သူငယ်ချင်းတွေ၊ မိတ်ကပ်ဆရာလည်း လိုက်ကူညီပေးတယ်။ ကျမ တယောက်တည်းရတဲ့ ကုသိုလ် မဟုတ်ပါဘူး။ ဒီအလှူက ၇ ရက် သားသမီး အလှူပေါ့။ အကုန်လုံးရတဲ့ ကုသိုလ်ပါ။ ကျမတို့ ကူညီပေးနိုင်ခဲ့တဲ့အတွက် အရမ်း ဝမ်းသာရတယ်”လို့ ချမ်းချမ်းက ပြောပါတယ်။
တကမ္ဘာလုံး စီးပွားရေးကြပ်တည်းနေတဲ့ ကာလမှာ မြန်မာနိုင်ငံက အနုပညာရှင်အချို့ အွန်လိုင်းမှာ ဈေးရောင်းလာကြတဲ့အပေါ်ကိုလည်း ချမ်းချမ်းက အခုလိုပဲ ဆိုပါတယ်။
“အခုချိန်မှာ အကုန်လုံးက စီးပွားရေး ခက်ခဲကြတာပါ။ အကုန်လုံးက ဝင်ငွေနည်းပါးနေတဲ့ အချိန်၊ ကျမတို့ အနုပညာသမားတွေက ပိုတောင် ဆိုးသေးတယ်။ ဝင်ငွေကို မရှိတာ။ အနုပညာကို လူတွေက ငွေပိုမှပျော်မှာ။ ဥပမာ- ဒီနေ့ ပိတ်ရက် ရှိုးကြည့်ကြမယ် ဆိုပြီးကြည့်ကြတာ။ အခုလို စီးပွားရေး ကပ်စိုက်နေချိန်မှာ ကျမတို့မှာ ဘာဝင်ငွေမှ မရှိဘူး။ စုဆောင်းထားတာလေးတွေ နေရတာပေါ့။ အနုပညာသမားတွေက အနုပညာ မလုပ်ရတော့ အမြဲဝင်ငွေကို ဆုပ်ကိုင် မထားနိုင်ဘူးလေ။ အဲ့တော့ ဝမ်းတထွာအတွက် အလုပ်လုပ်ရတော့မယ်”
“အနုပညာရှင်လည်း စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတာ။ အလုပ်ဟူသမျှ ဂုဏ်ရှိတယ်။ သမာအာဇီဝကျတဲ့ အလုပ်မှန်သမျှ ဂုဏ်ရှိတယ်။ ဒါကို ကဲ့ရဲ့နေတဲ့သူတွေကိုတော့ ကျမအံ့သြတယ်။ အနုပညာသမားဖြစ်ပြီး အနုပညာအလုပ်မလုပ်ဘဲ ဈေးတွေ ရောင်းနေတယ်လို့ ပြောမယ့်အစား “သနားပါတယ်။ အနုပညာဆိုတာလူတွေ အဆင်ပြေမှ ပျော်မှကြည့်ကြမှာ၊ သူတို့လည်း ဘယ်လို ဝင်ငွေနဲ့စားမှာလဲ” ဖေးမချင်တဲ့ စိတ်နဲ့ ကြည့်မယ်ဆိုရင် ပြောထွက်မှာ မဟုတ်ပါဘူး”လို့ ချမ်းချမ်းက ပြောပါတယ်။
You may also like these stories:
လီဗြောင်းဟွန်း ပါဝင်မယ့် ရုပ်ရှင်အသစ် မကြာခင် ရိုက်ကူးမည်
ဟင်းချက်ပြီး ရောင်းရငွေ အမြတ် ၅၀ရာခိုင်နှုန်းကို ပြန်လှူဒါန်းမယ့် ခင်သဇင်
ဇဏ်ခီတို့ရဲ့ ငွေကြေးလှူဒါန်းနေတဲ့ အစီအစဉ်မှာ သိန်း ၃၀ လှူဒါန်းခဲ့တဲ့ နေတိုး