သရုပ်ဆောင် ရွှေမှုံရတီကတော့ မေလ ၁၆ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့မွေးနေ့အတွက် အလှူလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သူ့ Facebook အကောင့်မှာ ပြောပြထားပါတယ်။
“မွေးနေ့အတွက် အလှူတွေလုပ်ဖို့ ပြင်နေပြီ။ သဲ We Love လေးတွေနဲ့ နှစ်တိုင်းအလှူအတူ လုပ်နေကျဆိုတော့ သတိရတယ်။ ဒီနှစ်တော့ အဝေးကနေပဲ သာဓု လှမ်းခေါ်ပေးကြနော်။ နောက်နှစ်တော့ အတူလှူတာပေါ့” လို့ ရွှေမှုံရတီက ပြောထားပါတယ်။
ဒီကနေ့ မေလ ၁၅ ရက်နေ့ နေ့ခင်းပိုင်းမှာတော့ ရွှေမှုံရတီဟာ မနက်ဖြန်မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့အတွက် ၁ ရက်ကြိုလှူတဲ့အနေနဲ့ ကြက်သား အာလူဟင်းနဲ့ ထမင်းတို့ လှူဒါန်းခဲ့ပြီး ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ အချိုရည်၊ ပါလေရာကြော်၊ ခေါက်ဆွဲခြောက်ဘူးများကို လှူဒါန်းသွားမယ်လို့ Facebook မှာ Live လွှင့်ကာ ပြောပြခဲ့ပါတယ်။
ရွှေမှုံရတီက မွေးနေ့တိုင်း သူ့ပရိသတ်များနဲ့အတူ အလှူပွဲ ပြုလုပ်ခဲ့ပေမယ့် ဒီနှစ် မွေးနေ့မှာတော့ လူစုလူဝေး ပြုလုပ်လို့ မရတာကြောင့် အလှူကို သီးသန့်အနေနဲ့ မဟုတ်ဘဲ လိုအပ်နေတဲ့သူများကို လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်မွေးနေ့ဟာ ရွှေမှုံရတီရဲ့ ၂၂ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တခုကို တည်ဆောက်ထားသူ ဖြစ်ပါတယ်။
သရုပ်ဆောင် တယောက်အဖြစ် အသက် ၁၃ နှစ် အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တဲ့ ရွှေမှုံရတီဟာ တဖက်မှာလည်း ဝေဖန်များစွာ ရှိခဲ့သလို အခုအချိန်မှာတော့ တည်ငြိမ် ရင့်ကျက်တဲ့ပုံစံနဲ့ ပရိသတ်များက မြင်တွေ့နေရပါတယ်။
You may also like these stories:
သီချင်းအသစ် ထွက်မယ့်ရက် ရွှေ့လိုက်တဲ့ ဘင်ဂျမင်ဆုမ်း
“Stay Home ကာလမှာ အကောင်းဆုံး နေနေပါတယ်”လို့ ဝိုင်းလေး ပြော
ကိုဗစ်ကာလအတွင်း အမေဇုန်မှာ သစ်တောပြုန်းတီးမှု မြင့်တက်နေဆဲ