အဆိုတော် တင်ဇာမော်က လက်ရှိ ကမ္ဘာတဝှမ်းမှာ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် လူအများ အလုပ်အကိုင်တွေ ပျက်ကြရပြီး အနုပညာလောကမှာလည်း အလုပ်တချို့ ရပ်တန့်ထားရကြောင်း အခုလိုပဲ ပြောပါတယ်။
“ဒီလိုမျိုး COVID-19 ဖြစ်ပွားချိန်မှာ အလုပ်အကိုင်တွေ ပျက်ကြတယ်။ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အလုပ်လုပ်ဖို့ အဆင်မပြေတဲ့သူတွေကလည်း အလုပ်လုပ်ဖို့ ထွက်ကြရတယ်။ အလုပ်လုပ်နေတဲ့အချိန်မှာ ဆောင်ရန်၊ ရှောင်ရန်များနဲ့ သတိထားပြီး နေစေချင်ပါတယ်”
“ကျမတို့ အနုပညာလောကမှာလည်း အကုန် ရပ်ကုန်တာပေါ့။ စတူဒီယိုတွေ ပိတ်တယ်။ Recording တွေ လုပ်လို့ မရတော့ဘူး။ အခွေတွေထုတ်ဖို့ နောက်ဆုတ်ရတယ်။ ရုပ်ရှင်ဆိုလည်း အတူတူပဲ။ ငွေရေးကြေးရေး ရင်းနှီးမြှုပ်နှံမှုတွေ များလေလေ နစ်နာလေပါပဲ”လို့ တင်ဇာမော်က ပြောပါတယ်။
လက်ရှိ အချိန်မှာတော့ အဆိုတော် တင်ဇာမော်က ရန်ကုန်မှာ ရောက်နေပြီး မိသားစုက လန်ဒန်မှာ ကျန်ခဲ့တဲ့အတွက် မိသားစုအတွက်လည်း စိတ်ပူမိတယ်လို့ သူက ဆိုပါတယ်။
“မိသားစုက လန်ဒန်မှာပါ။ အဲ့မှာလည်း ရောဂါဖြစ်တဲ့သူက များပြီး အသေအပျောက်လည်း ရှိတော့ မိသားစုကို စိတ်တော့ ပူတာပေါ့နော်။ မိသားစုက ဆောင်ရန်၊ ရှောင်ရန်ကို တိတိကျကျ လိုက်နာပြီး နေရတာပေါ့။ ဟိုကအစိုးရမှာလည်း ကောင်းတဲ့အချက်တွေ ရှိသလို လိုအပ်ချက်တွေလည်း ရှိမှာပေါ့လေ။ ကျမတို့ အစိုးရကလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်နေတာတွ့ရပါတယ်”
“ပရဟိတလုပ်တဲ့သူတွေလည်း များတော့ တော်တော်လေး အားရှိပါတယ်။ ပိုးတွေ့လူနာလည်း အများကြီး မဟုတ်တော့ နည်းနည်းခံသာပါတယ်။ ဒါပေမဲ့လည်း စိတ်တော့ ပူရတာပေါ့နော်။ ကလေးတွေနဲ့ Video Call ပြောဖြစ်တယ်။ ဟိုမှာ သူတို့ ပျော်နေတာပဲ အမြဲတွေ့တယ်။ ဘယ်တော့ ပြန်လာမလဲ မပြောကြဘူး”လို့ တင်ဇာမော်က ပြောပါတယ်။
ဆက်လက်ပြီး တင်ဇာမော်က အသက် အန္တရာယ်က ဒီအချိန်မှာ အရေးကြီးဆုံး ဖြစ်တာကြောင့် စိတ်ရှည်ရှည်နဲ့ သည်းခံပြီး ဒီရောဂါကြီးကို တောင့်ခံနိုင်ဖို့ ကြိုးစားဖြတ်သန်းဖို့လည်း ပြောပါတယ်။
“အသက်အန္တရာယ်နဲ့ ယှဉ်လိုက်ရင်တော့ ကျန်တာတွေက အသက်ထက် အရေးကြီးတဲ့ နေရာမှာ မရှိနေတဲ့အတွက် အသက်အန္တရာယ်ကတော့ အရေးကြီးပါတယ်။ ရောဂါမရဖို့က ပိုအရေးကြီးတာကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်ကြပြီး ရောဂါကြီးကို ကျော်လွန်ဖြတ်သန်းနိုင်ဖို့ ဆုတောင်းနေကြရအောင်ပါ။ အားလုံးလည်းတောင့်ခံပြီး ကြိုးစားဖြတ်သန်းနိုင်ကြပါစေ”လို့ တင်ဇာမော်က ပြောပါတယ်။
အဆိုတော် တင်ဇာမော်ကတော့ အခုလို COVID-19 ကာလမှာ ပြည်သူများ စိတ်ဓာတ်ကျ အားမငယ်ဖို့ တေးရေး ထိန်လင်း ရေးသားထားတဲ့ “အားတင်းထား ရန်ကုန်” ဆိုတဲ့ သီချင်းတပုဒ်ကို မကြာသေးခင် ရက်ပိုင်းအတွင်းက သီဆိုကာ အွန်လိုင်းကနေ ဖြန့်ချိခဲ့ပါတယ်။
You may also like these stories:
ကျန်းမာရေး ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်ကြောင်း နီတာ ပြော
တင်ဇာမော်ရဲ့ 7 album ကိုရည်ညွှန်းတဲ့ 7 Concert