Stay Home ကာလမှာ Cosmetics ပစ္စည်းနဲ့ မုန့်ဟင်းခါး ရောင်းဖြစ်တာနဲ့ ပတ်သက်ပြီး ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် အေးသီတာက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“Stay Home နေရချိန်မှာ အလုပ်လည်းမရှိ၊ အပြင်လည်း ထွက်မရတော့ စိတ်တွေ ညစ်နေတာပေါ့။ အွန်လိုင်းကနေ အလှပြင်ပစ္စည်းလေးတွေ ရောင်းမလို့လည်း လူတွေက စိတ်ညစ်နေကြမှာဆိုပြီး မရောင်းဖြစ်ဘူး။ အဲ့ဒါနဲ့ အခုကျတော့ စိတ်လေးကြည်လာတာနဲ့ Cosmetics လေးတွေ ရောင်းမယ်။ နောက် မုန့်ဟင်းခါး ချက်ရောင်းမယ်ဆိုတော့ ရောင်းဖြစ်တယ်။ ဒီလိုလေးတွေလုပ်ရတော့ စိတ်ပျော်တာပေါ့။ အိမ်မှာ ဘာမှမလုပ်ရဘဲ နေရတော့ စိတ်ကျတာပေါ့။ နေထွက်လား နေဝင်လားတောင် မသိဘူး”
“ဘယ်အချိန်အလုပ်တွေ ပြန်စရမယ်၊ ဘယ်အချိန်မှ ပိုက်ဆံဝင်မယ် မသိတဲ့အခါ တအားကို စိတ်ဓာတ် ကျပြီး မျက်ရည်တောင် မကျနိုင်လောက်အောင်ကို ဖြစ်နေတာပါ။ ဘာပဲပြောပြော အလုပ်လေးရှိတော့ စိတ်က နည်းနည်း သက်သာတာပေါ့။ ကိုယ့်ကိုချစ်ပြီး အားပေးကြတော့ အရမ်းဝမ်းသာရတယ်။ ပရိသတ်ကိုလည်း အရမ်း ကျေးဇူးတင်တယ်”လို့ သရုပ်ဆောင် အေးသီတာက ပြောပါတယ်။
ဆက်လက်ပြီး အေးသီတာက ပစ္စည်းတခုကို ကိုယ်တိုင် ကြိုက်မှ အများကို ရောင်းချပေးတာ ဖြစ်ပြီး အခုလို အနုပညာရှင်များ ဈေးရောင်းတာဟာလည်း ဖျော်ဖြေမှုတခုလိုပါပဲလို့ သူက ဆိုပါတယ်။
“သူတို့ကို ရောင်းမယ့် ပစ္စည်းလေးတွေလည်း ကျမကိုယ်တိုင် သုံးကြည့်ပြီး ကြိုက်မှ၊ ကောင်းမှ ရောင်းတယ်။ ကိုယ်တိုင်သုံးလို့ မကောင်းရင် လုံးဝ မရောင်းပေးဘူး။ ကျမတို့ အခုလို ဈေးရောင်းနေတာလည်း Entertainment တခုလို့ပဲ ယူဆပါတယ်”လို့ အေးသီတာက ဆိုပါတယ်။
အနုပညာရှင်တွေ စီးပွားရေးလုပ်တာကို အမြင်မစောင်းစေချင်ဘူးလို့ အေးသီတာက ဆိုပြီး အလုပ်တွေ ပုံမှန် ပြန်လုပ်တဲ့အခါ အခုလိုမျိုး ရောင်းဖြစ်ချင်မှ ရောင်းဖြစ်မှာလို့လည်း ပြောပါတယ်။
“လူတိုင်းလူတိုင်းမှာ သူ့အခက်အခဲနဲ့သူ ရှိကြတာပဲ။ အမြင်တွေ မစောင်းစေချင်ဘူး။ အားလုံးက အလုပ်တွေ ရပ်တန့်နေချိန်မှာ အနုပညာရှင်တွေက စီးပွားရေးလုပ်နေကြတာ သူတို့ကိုချစ်တဲ့ ပရိသတ်တွေနဲ့လည်း တွေ့ရတယ်။ စိတ်လည်း လေမသွားဘူးဆိုပြီး လုပ်နေကြတာပါ။ အထင်မလွဲစေချင်ပါဘူး။ အထင်ကြီးပြီးတော့လည်း သူတို့က ပိုက်ဆံရှိပြီး ဈေးထရောင်းတယ်လို့လည်း မထင်စေချင်ပါဘူး”
“အနုပညာအလုပ်တွေ ကျမတို့ ပြန်လုပ်ရရင် ပုံမှန်ရောင်းချင်မှတောင် ရောင်းနိုင်မှာပါ။ ရောင်းခွင့်ရတဲ့ အချိန်လေး ရောင်းတာတော့ အမျက်တော် မဝင်စေချင်ပါဘူး။ အခုချိန်မှာ အနုပညာ အသိုင်းအဝိုင်းကို အရမ်းလွမ်းတယ်။ အောင်ဇမ္ဗူဘုန်းကြီးကျောင်းလည်း သွားကြတယ်။ ရွှေတိဂုံဘုရားလည်း သွားကြတယ်။ ရှုတင်တွေလည်း လွမ်းနေပြီ။ မြန်မာကားတွေ ကြည့်ရင် အရမ်းလွမ်းနေပြီ။ ကိုဗစ် မြန်မြန်ပြီးစေချင်ပြီ။ ဇာတ်ကားတွေလည်း ပြန်ရိုက်ချင်ပြီ”လို့ အေးသီတာက ပြောပါတယ်။
ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် အေးသီတာကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှ တဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ ၁၀ စုနှစ် တခုကို ကျော်လွန်လာပြီ ဖြစ်ပါတယ်။