LGBTIQ တွေကို မမုန်းတီးကြဖို့ ဥက္ကာမင်းမောင် ပြော
မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေကို မုန်းတီးမှုကြောင့် LGBTIQ (Lesbians, Gay, Bisexuals, Transgender, Intersex, Queer) တွေဟာ ပတ်ဝန်းကျင်၊ ကျောင်း၊ လုပ်ငန်းခွင်တွေမှာ လက်ညိုးထိုး ကဲ့ရဲ့တာတွေ၊ ဖိနှိပ်ရှုတ်ချတာတွေ ရှိနေသေးတယ်လို့ သရုပ်ဆောင် ဥက္ကာမင်းမောင်က ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ Homo sexual တွေကို မုန်းတီးမှုကြောင့် ကြည့်မရမှုကြောင့် ကျနော်တို့လို LGBTIQ တွေဟာ ပတ်ဝန်းကျင်မှာ၊ ကျောင်းတွေမှာ၊ လုပ်ငန်းခွင်တွေမှာ လက်ညိုးထိုး ကဲ့ရဲ့တာတွေ ဖိနှိပ်ရှုတ်ချတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေဟာ ဒီကနေ့ အချိန်ထိ ရှိနေပါသေးတယ်”
“၁၉၉၀ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ Homo Sexuality ဆိုတာ ရောဂါတခု မဟုတ်ကြောင်း List of diseases စာရင်းကနေ တရားဝင် ပယ်ဖျက်ခဲ့ပါတယ်။ နှစ်စဉ် နှစ်တိုင်း အဲ့ဒီနေ့ကိုပဲ Homo sexual တွေကို မုန်းတီးတဲ့သူတွေကို ဆန့်ကျင်တဲ့နေ့လို့ တကမ္ဘာလုံးက အသိအမှတ်ပြု ရက်သတ်မှတ်ခဲ့ပါတယ်”

“LGBTIQ တယောက် ဖြစ်နေတာဟာ ရောဂါတခု မဟုတ်ပါဘူး။ လူနှစ်ယောက် ချစ်ခြင်းဟာလည်း အပြစ်တခု မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ဖွံဖြိုးပြီးသားနိုင်ငံပဲဖြစ်ဖြစ်၊ မဖွံဖြိုးသေးတဲ့ နိုင်ငံပဲဖြစ်ဖြစ် LGBTIQ ကို မုန်းတီးတဲ့ Homophobia တွေကြောင့် ဖြစ်ပေါ်နေတဲ့ Crime (ရာဇဝတ်မှု) တွေဟာ ယနေ့ အချိန်ထိ အများကြီး ရှိနေပါသေးတယ်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ဆက်လက်ပြီး ဥက္ကာမင်းမောင်က တချို့တွေ အပြင်မှာ ပြောနေကြသလို ဂေးနဲ့ ပေါင်းရင် ဂေးဖြစ်တယ်ဆိုတဲ့ အယူအဆက မှားနေကြောင်းလည်း ပြောပါတယ်။
“အပြင်မှာ ပြောကြတယ်။ ဂေးနဲ့ပေါင်းလို့ ဂေးဖြစ်တယ် ဆိုတာ အဲ့အတွေးအခေါ်က မှားပါတယ်။ ကျနော်နဲ့ နှစ်ရှည်များစွာ ပေါင်းနေတဲ့ ဂေး မဟုတ်တဲ့ သူငယ်ချင်းတွေ အများကြီးပါ။ ဂေးနဲ့ နှစ်ပေါင်းများစွာပေါင်းလို့လည်း ဂေး ဖြစ်မလာပါဘူး။ မြန်မာမှာ LGBT ကလေးတွေကို မွေးဖွားထားတဲ့ မိဘတွေ အများကြီးပါပဲ။ မိဘတွေက သူတို့ သားသမီး ဘာပဲဖြစ်နေဖြစ်နေ၊ နားလည်မှု အပြည့်နဲ့ အောင်မြင်မှု လမ်းကြောင်းပေါ်ရောက်အောင် တွန်းပို့ပေးနိုင်တာဟာ တခြားမိဘတွေထက် စံနမူနာ ယူထိုက်စရာပါ”

“ဘေးလူတွေ ပြောကြလို့ ဘာသာရေးကြောင့်ပဲဖြစ်ဖြစ်၊ အတိတ်ကံလို့ပဲပြောပြော လူရယ်လို့ ဖြစ်လာရင် လူကောင်းတယောက်ဖြစ်ဖို့၊ တန်ဖိုးရှိတဲ့ သူကောင်းတယောက်ဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာလည်း LGBT Rights တွေ၊ Equality Rights တွေ ပြောင်းလဲ တိုးတက်လာပါစေလို့ ဆုတောင်းပါတယ်”လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။
ဒီအကြောင်းအရာတွေကိုတော့ ဥက္ကာမင်းမောင်က ယနေ့၊ မေလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ “International Day Against Homophobia, Transphobia and Biphobia” (လိင်တူချစ်သူ၊ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြောင်းလဲ ဝတ်စား ပြုမူနေထိုင်သူတွေအပေါ် မုန်းတီးမှုအား ဆန့်ကျင်ရေးနေ့) အထိမ်းအမှတ်အဖြစ် သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အခုလိုပဲ ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဥက္ကာမင်းမောင်ကိုယ်တိုင် လိင်တူချစ်သူဆိုတာ ဝန်ခံလိုက်ပြီးနောက်ပိုင်းမှာလည်း သူ့ကို ဝန်းရံပေးတဲ့ ပရိသတ်တွေလည်း ရှိလာခဲ့ပါတယ်။ မရှက်မကြောက် ဝန်ခံရဲတဲ့ သူ့ရဲ့ စိတ်ဓာတ်ကြောင့် ပရိသတ်တွေနဲ့ အနုပညာ အသိုင်းအဝိုင်းထဲက သူတွေပါ သူ့ကို ဝန်းရံပေးကြတာ တွေ့ရပါတယ်။
သရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်လျက်ရှိပြီး သူကတော့ Mister Tourism World 2016 Winner ဆုကို ရရှိ ပိုင်ဆိုင်ထားသူတဦး ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ သရုပ်ဆောင် အလုပ်ကော၊ ဂီတအလုပ်ပါ လုပ်ကိုင်ခဲ့ပြီး “18 Album” ဆိုတဲ့ တကိုယ်တော် အခွေလည်း ထွက်ရှိထားပါတယ်။