Amazon ရဲ့ Streaming ဝန်ဆောင်မှုဖြစ်တဲ့ Amazon Prime Video က အိန္ဒိယရုပ်ရှင်အသစ် တော်တော်များများကို ပြသမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်တွေကတော့ အခုလအတွင်း ရုပ်ရှင်ရုံတွေမှာ ပြသဖို့ ကနဦး စီစဉ်ထားခဲ့တဲ့ ရုပ်ရှင်တွေဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလိဝုဒ်ရုပ်ရှင် လောကလည်း ကမောက်ကမ ဖြစ်နေချိန်မှာ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ရုံပိုင်ရှင်တွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကနေစလို့ တင်းကျပ်တဲ့ အသွားအလာ ကန့်သတ်မှု စည်းမျဉ်းတွေကို ချမှတ်ခဲ့ပြီးတဲ့နောက် ရုပ်ရှင်ရုံပေါင်း ၉၅၀၀ ကျော်ကို ပိတ်လိုက်ရပြီး ဘောလိဝုဒ်ရဲ့ ရုံဝင်ငွေလည်း အထိနာခဲ့ရပါတယ်။
အမီတာဘဂျမ်းနဲ့ Vidya Balan တို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်တဲ့ ဘောလိဝုဒ်ရုပ်ရှင်၂ ကား အပါအဝင် ရုပ်ရှင် ၇ ကားရဲ့ ထုတ်လုပ်သူတွေဟာ သဘောတူညီချက် ရရှိခဲ့ပြီးတဲ့နောက် Amazon Prime Video ကနေ သူတို့ရဲ့ ရုပ်ရှင်တွေကို ပြသတော့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့မှာပဲ ကြေညာခဲ့ပါတယ်။
မင်းသားကြီး အမီတာနဲ့ မင်းသား Ayushmann Khurrana တို့ပါဝင်ထားတဲ့ မိသားစု ဟာသဇာတ်မြူး ရုပ်ရှင် “Gulabo Sitabo” ကို ပြီးခဲ့တဲ့ ဧပြီလမှာ ပြသဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် အခုတော့ လာမယ့် ဇွန်လကျရင် Amazon Prime Video ကနေ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။
အိန္ဒိယသင်္ချာပညာရှင် အကြောင်း ရိုက်ကူးထားတဲ့ “Shakuntala Devi” ဆိုတဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ကိုလည်း အဲ့ဒီအလားတူ အချိန်မှာပဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
“Gulabo Sitabo” ရုပ်ရှင်ကို ရုံတင်ပြသဖို့ စီစဉ်ထားတဲ့ Inox နဲ့ PVR တို့လို ကုမ္ပဏီတွေကတော့ အခုလို ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စိတ်မကောင်း ဖြစ်နေတယ်လို့ဆိုပါတယ်။ Amazon နဲ့ ရရှိထားတဲ့ သဘောတူညီချက်ထဲမှာ ပါဝင်တဲ့ နောက်ထပ် ရုပ်ရှင် ၅ ကားကတော့ တောင်ပိုင်းစကားပြော ရုပ်ရှင်တွေ ဖြစ်ပါတယ်။
Amazon နဲ့ Netflix တို့လို Streaming ဝန်ဆောင်မှုတွေက ဒစ်ဂျစ်တယ် မူပိုင်ခွင့်အတွက် အိန္ဒိယစတူဒီယိုတွေနဲ့ သဘောတူညီချက်တွေ ရရှိခဲ့ပေမယ့် အွန်လိုင်းမှာ ဖြန့်ချိမှုထက် ရုပ်ရှင်ရုံတွေမှာ ဖြန့်ချိမှုကိုသာ ဦးစားပေးခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာတော့ ရုပ်ရှင်တွေကို အွန်လိုင်းကနေ စတင်ပြသတာကို ရပ်ဆိုင်းဖို့ စည်းမျဉ်း အသစ်တွေ ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လေ့လာသူတချို့ရဲ့အဆိုအရ အိန္ဒိယမှာ Amazon ရဲ့ သဘောတူညီချက်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရမှာကို စိုးရိမ်သူတွေအတွက် ရုပ်ရှင်ရုံကို မသွားနိုင်တဲ့အချိန်မှာ ပိုမိုကျယ်ပြန့်တဲ့ လမ်းကြောင်းတခုရဲ့ အစဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
အိန္ဒိယမှာ အင်တာနက် ဒေတာနဲ့ စမတ်ဖုန်း ဈေးနှုန်းချိုသာမှုကြောင့် ရှေးယခင်ကထက် အွန်လိုင်းပေါ်မှာ ဗီဒီယို ကြည့်ရှုသူနဲ့ ကြည့်ရှုကြတဲ့အချိန် အဆမတန် များပြားလာခဲ့ပြီး ဖြစ်ပါတယ်။ တချို့ ဘောလိဝုဒ်နဲ့ တောင်ပိုင်း စကားပြောရုပ်ရှင် ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ရုပ်ရှင်တွေကို ဒစ်ဂျစ်တယ် အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ ဆွေးနွေးလာပြီလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့လတုန်းကတော့ နိုင်ငံတောင်ပိုင်းက တမီလ်နာဒူးပြည်နယ်ရဲ့ ရုပ်ရှင်ရုံပိုင်ရှင်တွေဟာ ဒစ်ဂျစ်တယ် ပလက်ဖောင်းတခုမှာ သူ့ရဲ့ရုပ်ရှင်ကို ပြသဖို့ ဆုံးဖြတ်လိုက်တဲ့ နာမည်ကျော်မင်းသား Suriya ကို သပိတ်မှောက်ဖို့ ခြိမ်းခြောက်ခဲ့ကြပါတယ်။ ရုပ်ရှင် ၇ ကားစာရင်းထဲမှာ မင်းသား Suriya ရဲ့ “Ponmagal Vandhal” ရုပ်ရှင်လည်း ပါဝင်တယ်လို့ Amazon က ကြေညာထားပါတယ်။
Ref: Reuters