MRTV-4 မှာ လက်ရှိ ပြသနေဆဲ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲထဲမှာ ရှေးရေစက် ဆိုတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ခန့်က ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ ကျော်ထက်ဇော်နဲ့ ကောလာဟလတွေ ထွက်နေတဲ့အပေါ် ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“ခန့်တို့က ၆ လလောက် အတူတူ ရိုက်ကူးလာရတာဆိုတော့ မောင်နှမတွေလိုပါပဲ။ ဒီဇာတ်လမ်းတွဲထဲမှာ အတူတူ တွဲပြီးတော့ မြင်တော့လေ ကြိုက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်တယ်လို့ပဲ ခံယူမိပါတယ်။ ဒီဇာတ်လမ်းတွဲကနေ တယောက်နဲ့ တယောက် ရင်းနှီးလာကြတယ်။ ပိုပြီးတော့လည်း ခင်လာကြတယ်။ ပိုပြီးတော့လည်း သံယောဇဉ်တွေ ရှိလာကြတယ်။ အကြာကြီး ရိုက်ကူးလာရတာမလို့ပါ” လို့ ခန့်က ပြောပါတယ်။
သရုပ်ဆောင် ကျော်ထက်ဇော်နဲ့ တွဲနေတယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းများ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ဇာတ်လမ်းတွဲထဲမှာတော့ အပေးအယူမျှမျှနဲ့ သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
“ကိုကျော်ထက်ဇော်နဲ့ ခန့်တို့က ဒီဇာတ်လမ်းတွဲကို ၆ လကျော်ကျော်လောက် ရိုက်ကူးထားတယ်။ အဲ့အတွက် ခန့်တို့က တယောက်နဲ့ တယောက် အပေးအယူ မျှမျှနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ သရုပ်ဆောင်ထားပါတယ်” လို့ ခန့်က ပြောပါတယ်။
ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ခန့်ရဲ့ သရုပ်ဆောင်မှုတွေအပေါ် ဝေဖန်မှုတွေ အများကြီးရှိပေမယ့် ဒီလိုဝေဖန်မှုများဟာ ပြင်ဆင်ဖို့ အခွင့်အရေးရလာတယ်လို့ သူက ဆိုပါတယ်။
“ပရိသတ်ရဲ့ဝေဖန်မှုကလည်း အများကြီးပါပဲ။ တခါတလေကျရင် ခန့်ကို စနောက်ထားတာတွေလည်း ရှိတယ်။ ခန့်ရဲ့ ပုံတွေနဲ့ စာလေးတွေ တွဲတင်ထားတာလည်း တွေ့တယ်ပေါ့။ သူတို့ ထောက်ပြတာတွေက ကိုယ့်အတွက် ပြင်ဆင်ဖို့ အခွင့်အရေးတွေ ရလာတယ်လို့ ခန့်က ထင်တယ်။ အဲဒါတွေက အရမ်းချစ်ဖို့ကောင်းပါတယ်။ ခန့်ရဲ့ အကောင့်မှာတောင် ပြန်တင်ထားသေးတယ်”လို့ ပြောပါတယ်။
“အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲကတော့ ခန့်ရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်ပြီး အကောင်းဆုံး ကြိုးစားအားထုတ်ထားတယ်လို့လည်း ဆိုပါတယ်။
“ဒီဇာတ်လမ်းတွဲက ခန့်ပါဝင် သရုပ်ဆောင်ထားရတဲ့ ၃ ခုမြောက် ဇာတ်လမ်းတွဲပါ။ “ကျိန်စာပြယ် ဒဏ္ဍာရီ” ၊ “လေးစုံတွဲ” ရယ်ပေါ့။ အခုကတော့ “အချစ်ဖွဲ့လေညင်း”ဇာတ်လမ်းတွဲပါ။ အားရကျေနပ်မှု ရှိလားဆိုရင်တော့ ခန့်ကတော့ အကောင်းဆုံး ကြိုးစားထားပါတယ်”
“TV မှာပြန်ကြည့်တဲ့အခါမှာ ငါဒီနေရာလေးမှာ ဒီလိုလုပ်ခဲ့ရင်ကောင်းသားဆိုပြီးတော့ အဲ့လိုအတွေးလေးတွေတော့ ဝင်ပါတယ်။ ခန့်အကောင်းဆုံး ကြိုးစားအားထုတ်ထားပါတယ်။ ပရိသတ်တွေကလည်း အသိအမှတ် ပြုလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ခန့်က ပြောပါတယ်။
အခုလို COVID-19 ကာလမှာလည်း ခန့်က မိသားစုကို အချိန်ပိုပေးဖြစ်ပြီး မဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေလည်း ဖတ်ဖြစ်တယ်လို့ ဆိုပါတယ်။
“ကိုဗစ်ကာလမှာ အိမ်မှာနေပြီးစာအုပ်လေးတွေ ဖတ်ဖြစ်ပါတယ်။ အရင်က ကိုယ်ရှုတင်တွေနဲ့ မအားတဲ့အခါမှာ မဖတ်ဖြစ်ဘဲ ဖတ်ချင်တဲ့စာအုပ်တွေ ဖတ်ဖြစ်တယ်။ နောက်ပြီးတော့ ဇာတ်ကားလေးတွေကြည့်ဖြစ်ပါတယ်။ အပြင်တွေ မသွားရတော့ဘူး ဆိုတော့ ဘုရားတရားလည်း ပိုလုပ်ဖြစ်တယ်။ အဓိဋ္ဌာန်လေးတွေလည်း ဝင်ဖြစ်တယ်။ မိသားစုကိုလည်း ပိုပြီးအချိန်ပေး ဖြစ်ပါတယ်” လို့ ခန့်က ပြောပါတယ်။
ဒီကာလမှာ ဖျက်လိုက်ရတဲ့ အလုပ်တွေ မရှိပေမယ့် ရိုက်နေတဲ့ ဇာတ်လမ်းတွဲတော့ ရပ်လိုက်ရတာတွေ ရှိပြီး ဒီကာလကြီးပြီးရင်တော့ ခရီးတွေသွားကာ စားချင်တဲ့ အစားအစာတွေ လျှောက်စားမယ်လို့ ဆိုပါတယ်။
ခန့် ပါဝင်ထားတဲ့ “အချစ်ဖွဲ့လေညင်း” ရုပ်သံဇာတ်လမ်းတွဲကတော့ တနင်္လာနေ့ကနေ သောကြာနေ့အထိ MRTV-4 ကနေ ပြသနေတာ ဖြစ်ပါတယ်။
You may also like these stories:
အခြေခံ လူတန်းစားတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ ငွေဇင်လှိုင်း
အနုပညာရှင်တွေ ဈေးရောင်းတာကို အမြင်မစောင်းစေချင်တဲ့ အေးသီတာ
မွေးနေ့အလှူ လုပ်ဖို့ ပြင်ဆင်နေတဲ့ ရွှေမှုံရတီ