သာသနာ့ဘောင်ကို အချိန် ၁၁ ရက်ကြာ ဝင်ရောက်ခဲ့တဲ့ သရုပ်ဆောင် ဘုန်းလျှံက မိခင်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ အမျှအတန်း ပေးဝေဖြစ်ခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“သာသနာ့ဘောင်ထဲမှာ ၁၁ ရက်လောက် သင်္ကန်းစည်းခဲ့တယ်။ အရမ်း အေးချမ်းတယ်။ သာသနာ့ဘောင် ဝင်တဲ့အချိန်မှာ အမေ့အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ လုပ်ဖြစ်ပါတယ်။ အလှူတွေလည်း လုပ်တယ်။ အမေ့အတွက်လည်း အမျှအတန်း ပေးဝေပါတယ်။ ကျနော်လုပ်နေတဲ့ အလုပ်တွေ မှန်သမျှသည် ဘာတခု အပိုလုပ်တာ မဟုတ်ပါဘူး”
“ကျနော့် ရင်ထဲမှာဖြစ်လာတဲ့ စကားတွေ၊ ဖြစ်လာတဲ့ လုပ်ရပ်တွေပဲ ကျနော်လုပ်တယ်။ အဲ့အပေါ်မှာ လိမ္မာပြချင်တာတော့ မဟုတ်ဘူး။ မလိမ္မာဘဲ လိမ္မာပြနေတာ မဟုတ်ဘူး။ တကယ်ကို ကျနော် လိမ္မာနေတာပါ။ ကျနော်ကို လိမ္မာလာတာကို အသိအမှတ်ပြုပေးကြလို့လည် းကျေးဇူးတင်ပါတယ်”လို့ ဘုဏ်းလျှံက ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါတွေ ပျောက်ကင်းလို့ ရိုက်ကူးရေးတွေ ပြန်လုပ်ရရင် ဇာတ်လမ်းတွဲ ရိုက်ဖို့ ပြောထားတယ် ရှိတယ်လို့ ဘုန်းလျှံက ပြောပါတယ်။
“ရောဂါတွေ ပျောက်လို့ ရိုက်ကူးရေးတွေ ပြန်စလို့ရရင် ဇာတ်လမ်းတွဲလေး ရိုက်ဖို့ ပြောထားတာ ရှိတယ်။ ဇာတ်လမ်းတွဲက တခါမှ မရိုက်ဖူးဘူး။ ဒါပထမဆုံးပဲ။ သင်ယူစရာ၊ လေ့လာစရာတွေတော့အများကြီး ရှိတယ်။ ကျနော် ပြင်ဆင်ထားတာ ကျနော် ပထမဆုံး ရိုက်ရတဲ့ကားမှာ အကောင်းဆုံး လုပ်မယ်လို့ ပြင်ဆင်ထားတယ်”
“အနုပညာနဲ့ ဝေးကွာနေတော့ အခက်အခဲတော့ ရှိတယ်။ ထောင်ထဲမှာတုန်းကတော့ ဇာတ်ကားတွေ အကုန်လုံး ကြည့်တယ်။ အမျိုးအစားများစွာလည်း ကြည့်တယ်။ ကျနော့်ဘက်ကတော့ အကောင်းဆုံးလုပ်ဖို့တော့ ပြင်ဆင်ထားတယ်။ ကြိုးစားသွားမယ်။ ဘယ်လို ကာရိုက်တာမှ ဆိုတာတော့ မရှိဘူး။ ကျနော့်ကို အခုလို ကားရိုက်ဖို့ ပြောတာနဲ့တင် အတိုင်းမသိ ဝမ်းသာတယ်”လို့ ဘုဏ်းလျှံက ပြောပါတယ်။
ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရပြီး၊ အပြစ်ဒဏ် ၇ နှစ် ခံယူပြီးနောက် ၂၀၂၀ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ဘုန်းလျှံဟာ ဗီဒီယို ဇာတ်ကားများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။