ဘင်ဂျမင်ဆုမ်းရဲ့ ပြိုင်ပွဲပြီးနောက် ပထမဆုံး ထွက်ရှိလာတဲ့ သီချင်းအသစ်နဲ့ ပတ်သက်ပြီး အဆိုတော် ဖြူဖြူကျော်သိန်းက ချီးကျူးစကား ပြောခဲ့ပါတယ်။
“Benjamin Sum ရဲ့ အသံလှလှလေးရယ်၊ ချင်းတောင်းတန်းကြီးရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းလေးတွေရယ် ပေါင်းလိုက်တော့ “ပြန်တွေ့မယ့်ရက်” သီချင်းက တဖြုတ်ဖြုတ် ကြွေရမယ့် အဆွေးသီချင်းကောင်းကောင်းလေး တပုဒ် ဖြစ်သွားတာပေါ့ကွယ်။ ဂုဏ်ယူပါတယ် Sum” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
ဖြူဖြူကျော်သိန်းကတော့ ဘင်ဂျမင်ဆုမ်းရဲ့ သီချင်းဆိုပုံ၊ အသံတို့ကို Myanmar Idol ပြိုင်ပွဲကြီးမှာကတည်းက သဘောကျနှစ်သက်ပြီး Comment ကောင်းများကို ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဆက်လက်ပြီး “ကဲကဲ ကိုကို ဘန်ဘန်ရေ ပြန်တွေ့မယ့်ရက်ကျရင် ညီမလေး ဖြူဖြူကို ကြော်ငြာခလေး အကြွေးဆပ်ဖို့ မမေ့နဲ့နော်”လို့လည်း ဖြူဖြူကျော်သိန်းက သူ့ရဲ့ Facebook Page ကနေ အခုလိုပဲ ပြောထားပါတယ်။
ဘင်ဂျမင်ဆုမ်းကတော့ “ပြန်တွေ့မယ့်ရက်” သီချင်းကို မေလ ၁၅ ရက်နေ့က ထွက်ဖို့အတွက် စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မထွက်နိုင်ခဲ့ဘဲ ယနေ့ မေလ ၁၈ ရက်နေ့မှာ ထွက်ရှိလာတာဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ Myanmar Idol ကပြိုင်ပွဲဝင်တဦးဖြစ်ခဲ့တဲ့ စောထက်နိုင်စိုးက ရေးသားပေးထားတာ ဖြစ်ပါတယ်။
“ဖြစ်ရပ်မှန် သီချင်းလေး တပုဒ်ပါ။ ကျနော် ခံစားပြီး စပ်ထားတဲ့ သီချင်းလေးကို ခံစားပြီး တော်တော်လေးကောင်းအောင် ဆိုပေးတဲ့ ညီလေး Ben Ben ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒီထက်မက အများကြီး အောင်မြင်ပါစေ။ ကျနော်တို့တွေ အားလုံးလည်း အမြန်ဆုံး အပြင်မှာ ဆုံတွေ့ပါရစေ” လို့ သီချင်းရေးသားပေးခဲ့တဲ့ စောထက်နိုင်စိုးက ပြောထားပါတယ်။
ဘင်ဂျမင်ဆုမ်းကိုတော့ Myanmar Idol Season 4 ပြိုင်ပွဲဝင်နေစဉ်မှာ ထူးခြားတဲ့ အသံကို ပိုင်ဆိုင်ထားတဲ့ ပြိုင်ပွဲဝင်တဦးအဖြစ် အသိအမှတ်ပြုကြသလို တဖက်မှာလည်း အဆိုတော်ကြီးများရဲ့ သီချင်းများကို သီဆို ယှဉ်ပြိုင်မှုများအပေါ် ဝေဖန်မှုများစွာ ကြုံခဲ့ရသူ ဖြစ်ပါတယ်။
You may also like these stories:
သီချင်းဆို ပြိုင်ပွဲတွေအပေါ် အမြင်ပြောပြတဲ့ အဆိုတော် ဟေမာနေဝင်း