နာမည်ကျော် ကိုရီးယားအဆိုတော်အဖွဲ့ BTS မှအဖွဲ့ဝင် Jungkook နဲ့ တခြား K-pop စတား ၃ ယောက်တို့ဟာ ဆိုးလ်မြို့မှာ နောက်ဆုံး ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားခဲ့တဲ့ အဓိကနေရာဖြစ်တဲ့ Itaewon ဒေသကို ပြီးခဲ့တဲ့လ နှောင်းပိုင်းမှာ သွားရောက် လည်ပတ်ခဲ့ပေမယ့် ဆေးစစ်ရာမှာ ဗိုင်းရပ်စ်ပိုး မတွေ့ရှိရဘူးလို့ သူတို့ရဲ့ အေဂျင်စီတွေက မေလ ၁၈ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
ဒေသတွင်း သတင်းတပုဒ်ရဲ့ အဆိုအရ NCT အဖွဲ့ဝင် Jaehyun ၊ Seventeen အဖွဲ့ဝင် Mingyu နဲ့ Astro အဖွဲ့ဝင် Cha Eun-woo တို့နဲ့အတူ Jungkook တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ Itaewon မှာရှိတဲ့ စားသောက်ဆိုင် ၁ ဆိုင်နဲ့ ဘား၂ ခုဆီ သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆိုးလ်မြို့ရဲ့ နာမည်အကျော်ကြားဆုံး၊ လူသွားလူလာအများဆုံး နေရာတခုဆီ သူတို့တွေ သွားခဲ့တဲ့အချိန်ဟာ COVID-19 ကို တုံ့ပြန်ဖို့ လူလူချင်း ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်းတွေ ထုတ်ပြန်ထားချိန်လည်း ဖြစ်ပါတယ်။
အဲ့ဒီသတင်းတွေထွက်လာတာနဲ့ တပြိုင်နက် အဲ့ဒီ K-pop စတား ၄ ယောက်ရဲ့ သက်ဆိုင်ရာ အေဂျင်စီတွေက သူတို့တွေရဲ့ သွားလာမှုကို အတည်ပြုခဲ့ပြီး လူအချင်းချင်း ခပ်ခွာခွာနေရတဲ့ ကမ်ပိန်းကို လိုက်နာခဲ့ခြင်း မရှိခဲ့တဲ့ အတွက် တောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှု တသီတတန်းကြီး ဖြစ်ပေါ်ခဲ့တဲ့ ဘားနဲ့ ကလပ်တွေကိုတော့ သူတို့တွေ သွားရောက်ခဲ့ခြင်း မရှိကြောင်းနဲ့ ဗိုင်းရပ်စ်ပိုး မရှိတဲ့ ဆေးစစ်ချက် ရရှိထားပြီးဖြစ်တယ်လို့် ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလအစောပိုင်းတုန်းက Itaewon မှာရှိတဲ့ ကလပ်နဲ့ ဘား ၅ ခုဆီ သွားရောက်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးထံမှာ ရောဂါပိုးကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရပြီးတဲ့နောက် နေ့စဉ်ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ကလပ်သွားရောက်သူတွေ အပါအဝင် သူတို့တွေရဲ့ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကူးစက်ခံရသူ စုစုပေါင်း ၁၇၀ ဦး ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
Quarantine ဆိုင်ရာ အာဏာပိုင်တွေကတော့ ဧပြီလ ၂၄ ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိ Itaewon ဒေသကို သွားရောက်ခဲ့သူတွေနဲ့ အနီးနားဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ရောဂါလက္ခဏာ မပြသရင်တောင် စမ်းသပ်မှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
BTS အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ Big Hit အင်တာတိန်းမန့်ကတော့ Jungkook ဟာ ဧပြီလ ၂၅ ရက်နေ့မှာ အဲ့ဒီ ဒေသကို သွားရောက်ခဲ့ကြောင်း၊ COVID-19 ရောဂါလက္ခဏာမျိုးမပြပေမယ့် ဆေးစစ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် အဆိုတော် Jungkook ဟာ ပိုးမတွေ့အဖြေ ထွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ NCT အဖွဲ့ရဲ့ အေဂျင်စီ SM အင်တာတိန်းမန့်ကလည်း Jaehyun ဟာ ဆေးစစ်မှုအဖြေမှာ ပိုးမတွေ့ အဖြေထွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Seventeen နဲ့ Astro အဖွဲ့တွေရဲ့ အေဂျင်စီတွေ ဖြစ်တဲ့ Pledis နဲ့ Fantagio အင်တာတိန်းမန့်တို့က သူတို့ရဲ့ အနုပညာရှင်တွေဟာ Itaewon ကို သွားရောက်လည် ပတ်ခဲ့ပြီး လူအချင်းချင်း ခပ်ခွာခွာနေရဖို့ စည်းမျဉ်းကို လိုက်နာခဲ့ခြင်း မရှိတဲ့အတွက် တောင်းပန်စကားဆိုခဲ့ပါတယ်။
Ref:Yonhap
You may also like these stories:
စူပါဟီးရိုးရုပ်ရှင်တွေဟာ ကလေးတွေအတွက်သာ ဖြစ်တယ်လို့ Vincent Cassel ပြော
ဘောလိဝုဒ် ရုပ်ရှင်အသစ်တွေကို Amazon Prime ကနေ ပြသမည်
ကိုဗစ်ကြောင့် “Avatar 2” ရုပ်ရှင် ပြသမယ့်ရက် ရွှေ့ဆိုင်းမည် မဟုတ်