SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေတဲ့ “The King: Eternal Monarch” ဒရာမာဟာ ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက် ကာလမှာ ပရိသတ် စိတ်ဝင်စားမှု အခံရဆုံး ရုပ်သံစီးရီးတခုဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာမ Kim Eun-sook နဲ့ မင်းသား လီမင်ဟိုတို့ရဲ့ ပြန်လည် ဆုံစည်းမှုဖြစ်ပါတယ်။
မင်းသားလီဟာ ၂၀၁၆ ခုနှစ်က “The Legend of the Blue Sea” ဒရာမာနောက်ပိုင်း စစ်မှုထမ်းပြီး ပထမဆုံး ပြန်လည် ရိုက်ကူးတဲ့ ဒရာမာလည်း ဖြစ်ပါတယ်။
အမေရိကန် Streaming ကုမ္ပဏီကြီးဖြစ်တဲ့ Netflix ကနေ ငွေကြေး ထောက်ပံ့ပေးထားတဲ့ အဲ့ဒီ စီးရီးဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အပိုင်း ၉ မှာ လူကြည့်နှုန်း ၆ ဒဿမ ၃ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပါတယ်။ နောက်တရက်မှာ ထုတ်လွှင့်ခဲ့တဲ့အပိုင်း ၁၀ မှာတော့ လူကြည့်နှုန်း ၇ ဒဿမ ၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလူကြည့်နှုန်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ စတင်ပြသခဲ့တဲ့ အပိုင်း ၁ နဲ့ ၂ ရဲ့ လူကြည့်နှုန်း ဖြစ်တဲ့ ၁၁ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ ၁၁ ဒဿမ ၆ ရာခိုင်နှုန်းတွေနဲ့ယှဉ်ရင်တော်တော်လေးကို ကျဆင်းသွားတာကို မြင်တွေ့ရမှာပါ။
မင်းသား လီနဲ့ မင်းသမီး ကင်ဂိုအွန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့အဲ့ဒီစီးရီးဟာ စည်းမျဉ်းခံ ဘုရင်ဧကရာဇ်နဲ့ ယနေ့ခေတ် ဒီမိုကရေစီ ကိုရီးယားနိုင်ငံတို့လို စင်ပြိုင်ကမ္ဘာ၂ခုအကြောင်း ရိုက်ကူးထားတဲ့ ဒရာမာ ဖြစ်ပါတယ်။
အခုဒရာမာဟာ ဇာတ်ညွှန်းရေးဆရာမ ကင်အတွက်တော့ သူ့ရဲ့ ကျော်ကြားခဲ့တဲ့ “Descendants of the Sun”၊ “Guardian: The Lonely and Great God” နဲ့ “Mr. Sunshine” တို့လို ဒရာမာတွေ နောက်ပိုင်း လူကြည့်နှုန်း အနည်းဆုံးဖြစ်လာခဲ့ပါတယ်။
“Descendants of the Sun” ဒရာမာဟာ KBS ရုပ်သံလိုင်းမှာ လူကြည့်နှုန်း ၃၈ ဒဿမ ၈ ရာခိုင်နှုန်းကို ရောက်ရှိခဲ့သလို tvN ရဲ့ “Guardian” ဒရာမာဟာလည်း ၂၀ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ အဲ့ဒီအချိန်တုန်းက အခပေး ရုပ်သံလိုင်းတွေမှာ လူကြည့်နှုန်းအများဆုံးစံချိန်ကိုလည်း တင်ခဲ့ပါတယ်။
အခု “The King” ဒရာမာမှာတော့ သမိုင်းဝင်နေရာတွေကို အခြေခံထားတဲ့ ဇာတ်ဝင်ခန်းတွေမှာ အငြင်းပွားဖွယ်တွေ ရှိခဲ့ပြီး ဒရာမာရဲ့ နာမည်ကျော်ကြားမှုကို အဆုံးအဖြတ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ကိုရီးယား အင်ပါယာနဲ့ ကိုရီးယားသမ္မတနိုင်ငံ တို့ကြား တူညီမှုကို ပရိသတ်ထံ ရှင်းပြတဲ့အခါ နားလည်လွယ်အောင် ဖော်ပြခဲ့တာမျိုး မရှိဘူးဆိုပြီးတော့လည်း ဝေဖန်နေကြတာဖြစ်ပါတယ်။
နောက်ပြီး ဒရာမာထဲမှာ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေနဲ့ ကြော်ငြာတွေကို အလွန်အကျူး ဖော်ပြထားတာတွေကြောင့် ပရိသတ်တချို့က စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ကိုရီးယား အင်ယာပါနိုင်ငံမှာ အသုံးပြုတဲ့ အိမ်တွေနဲ့ စစ်သင်္ဘောတွေဟာ ဂျပန်စတိုင်ဖြစ်နေရတာကိုလည်း ပရိသတ်နဲ့ ဝေဖန်သူတွေက စောဒက တက်ခဲ့ကြပါတယ်။
Ref: Yonhap
You may also like these stories:
ကိုဗစ်ကာလ အပြင်ထွက်တဲ့ K-pop စတား ၄ ဦးရဲ့ အဖြေ Negative ထွက်
ဘင်ဂျမင်ဆုမ်းရဲ့ သီချင်းအသစ်ကို ချီးကျူးလိုက်တဲ့ ဖြူဖြူကျော်သိန်း
မိခင်အတွက် ရည်စူးပြီး သာ့သနာဘောင် ခေတ္တ ဝင်ခဲ့တဲ့ ဘုန်းလျှံ