နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပတဲ့ Mask ပြိုင်ပွဲကို အဆိုတော် ချောစုခင်က ကိုယ်တိုင် ချုပ်လုပ်ထားတဲ့ လက်ရာများနဲ့ ဝင်ပြိုင်ထားတယ်လို့ သိရပါတယ်။
“ကျမကလေ ငယ်ငယ်ကတည်းက စက်ချုပ်တာ ဝါသနာပါတော့ COVID-19 ဖြစ်တဲ့အချိန် Mask ချုပ်မယ်ပေါ့။ ဒါပေမဲ့ ဘယ်လိုချုပ်ရမှန်း မသိဘူး။ ဒီ Mask က ၃ လွှာ မဖြစ်ရင် ဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့အတိုင်းမဖြစ်ရင် Cover မဖြစ်ဘူး။ အမျိုးမျိုးတွေ ပြောနေတဲ့အချိန်မှာ ကျမ နည်းနည်း တွန့်ဆုတ်သွားတယ်။ သိပ်မချုပ်ဖြစ်ဘူးပေါ့”
“ဒါပေမဲ့ ဘာပြောလာလဲဆိုတော့ လုံခြုံတာလည်း ကောင်းတဲ့အပြင် တခြားအချက်တွေလည်း ပေါ်လာတော့ သဘောကျပြီးတော့ ချုပ်ကြည့်မယ်ဆိုပြီး ချုပ်ဖြစ်သွားတာပေါ့” လို့ ချောစုခင်က ဧရာဝတီကိုပြောပါတယ်။
စက်ချုပ်ရတာ ဝါသနာပါတဲ့သူတယောက်အနေနဲ့ သိပ်အဆန်းကြီး မဟုတ်ဘဲ ဆုရရ၊ မရရ ပြိုင်ပွဲကိုပါဝင်ချင်တာကြောင့် ပြိုင်ဖြစ်တယ်လို့ သိရပါတယ်။
“စက်ချုပ်တာ ဝါသနာပါတဲ့သူဆိုတော့ သိပ်အဆန်းကြီး မဟုတ်ဘူးပေါ့။ အခုဆို Youtube တွေလည်းကြည့်လို့ရနေပြီ ဆိုတော့ ဒီဇိုင်းပေါင်းစုံကို ကြည့်ပြီး သဘောကျပြီးတော့ အိမ်ကလူတွေအတွက် ချုပ်ဖြစ်တာပါ။ ကျမမှာလည်း ရည်ရွယ်ချက်တွေ ရှိတယ်ပေါ့။ ဒါပေမဲ့လည်း ဆုရရ၊ မရရပါ။ အန်တီစုရဲ့ပြိုင်ပွဲလေးမှာ ပါဝင်ဖြစ်ချင်တာလောက်ပါပဲ” လို့ ချောစုခင်က ပြောပါတယ်။
ချောစုခင်က သူ့ရဲ့ချုပ်ပုံချုပ်နည်း အဆင့်ဆင့်အကြောင်းကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။
“ပထမဆုံးအနေနဲ့ ကျမတို့တိုင်းပြည်က အရမ်းပူတဲ့ တိုင်းပြည်ဆိုတော့ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ Mask တွေ၊ နောက်ပြီးတော့ အသက်ရှုကြပ်တယ်လို့ လူတွေပြောနေတဲ့အတွက် အသက်ရှု မကြပ်အောင်၊နောက်ပြီး လုံခြုံအောင် အဲဒါကို ဘယ်လိုလုပ်မလဲဆိုတော့ စမ်းကြည့်တယ်”
“ကိုဗစ်ကြောင့် အထဲက Layer လေးတွေက ဝယ်လို့ မရဘူးဆိုတော့ တစ်ရှူးကို လိုအပ်သလောက်ထည့်ပြီးတော့ သုံးကြည့်တယ်။ Mask ကိုချုပ်ပြီးရင် တပ်ကြည့်တယ်။ ပြီးရင် ချောင်းဆိုးကြည့်တယ်။ မီးငြိမ်းသလားပေါ့။ အဲ့လိုလုပ်ကြည့်တယ်။ ဘာသွားတွေ့လဲဆိုတော့ ၂ လွှာလောက် လုပ်တယ်။ ပြီးရင်အထဲမှာ တစ်ရှူးထည့်ပြီး မှုတ်ကြည့်ရင် လုံးဝ မီးမငြိမ်းဘူး” လို့ ချောစုခင်က ပြောပါတယ်။
ပြိုင်ပွဲကိုတော့ မေလ ၁၃ ရက်နေ့မှာ ဝင်ပြိုင်ခဲ့ပြီး မေလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာလည်း သူငယ်ချင်းများ၊ နီးစပ်ရာ အသိုင်းအဝိုင်းနဲ့ ချို့တဲ့သူတချို့ကို ပေးခဲ့တယ်လို့လည်း သိရပါတယ်။
“ဒီလ ၁၅ ရက်နေ့က ချောစုရဲ့မွေးနေ့ဖြစ်တော့ နဂိုကတည်းက Mask တွေ ချုပ်ပြီး လှူချင်တဲ့ စိတ်ကူး ရှိတယ်။ အဲဒါကြောင့်လည်း ချုပ်ဖြစ်တာ။ အန်တီစု အဲ့လိုလုပ်တော့ ကိုယ်တွေရဲ့ခေါင်းဆောင်ကို သူလုပ်တဲ့ပြိုင်ပွဲလေးမှာ ကိုယ်တတ်တဲ့ပညာလေးနဲ့ ဝင်ပြီးတော့ တတပ်တအား ပါပြီးတော့ သူ့ကို လေးစားတဲ့အနေနဲ့ ဝင်ပြိုင်ဖြစ်တဲ့ သဘောလေးပါပဲ။ တခုခု အသိအမှတ် ပြုခံရမယ်ဆိုရင်တော့ အရမ်းဝမ်းသာမှာပေါ့။ ဆုတွေကတော့ ရွေးပြီးပြီနေမှာပါ” လို့ ချောစုခင်က ပြောပါတယ်။
အခုလို Mask ပြိုင်ပွဲပြုလုပ်ပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျေးဇူးတင်ပြီး ပြိုင်ပွဲဝင်ထားတဲ့ ပုံကို Like လုပ်ပေးထားတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“အန်တီစုကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအတောအတွင်းကာလမှာ ကောင်းတဲ့ စုရုံးမှု သဘောလေး စိတ်ဝင်စားစရာ ကောင်းတဲ့ ပြိုင်ပွဲလေးတခု လုပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ ပြီးတော့ ကျမက ၁၃ ရက်နေ့မှာဝင်ပြိုင်တော့ Presentation အနေနဲ့ တအားကို အားနည်းသွားတယ်။ ဒါတောင်မှ အရမ်းကြိုးစားပြီးတော့ ဓာတ်ပုံတွေကို Edit တွေ သေချာလုပ်ထားပေမယ့် တခြားပြိုင်ပွဲဝင်တွေကိုကြည့်တဲ့အခါမှာ Presentation အရမ်းကောင်းတယ်”
“ပန်းပွင့်တွေကအစ ပုံဖော်ပြီးတော့ ဓာတ်ပုံတွေလည်း ကြည်လင်ပြီး လုပ်ထားတော့ ဆုရမယ်ဆိုရင် ရသင့်တဲ့လူတွေပါ။ အရမ်းဝမ်းသာတယ်။ ရှေ့လျှောက်လည်း Mask က ဖက်ရှင်တခုအနေနဲ့ တပ်ရမယ့်အခြေအနေမျိုးဖြစ်နေပြီ ထင်ပါတယ်။ Mask ကိုတပ်ကြပါ။ ကိုယ့်ကျန်းမာရေးနဲ့ ဆိုင်သလို ကိုယ့်မိသားစု အသိုင်းအဝိုင်းနဲ့လည်း ဆိုင်ပါတယ်။ ချောစုရဲ့ Mask လေးကို ပြိုင်ပွဲမှာ Like လုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ချောစုခင်က ပြောပါတယ်။
လက်ရှိမှာတော့ Mask ပြိုင်ပွဲအတွက် စာရင်းပိတ်သွားတဲ့အချိန်မှာ ဝင်ပြိုင်သူ ၂၁,၁၂၀ ယောက်ရှိခဲ့ပြီး ဒီထဲမှ ၁၂ ယောက်ကို ရွေးချယ်ကာ ဆုအမျိုးအစား ၄ မျိုးခွဲကာ ပေးသွားမယ်လို့လည်း သိရပါတယ်။
You may also like these stories:
ဘင်ဂျမင်ဆုမ်းရဲ့ သီချင်းအသစ်ကို ချီးကျူးလိုက်တဲ့ ဖြူဖြူကျော်သိန်း
မိခင်အတွက် ရည်စူးပြီး သာ့သနာဘောင် ခေတ္တ ဝင်ခဲ့တဲ့ ဘုန်းလျှံ
ကျော်ထက်ဇော်နဲ့ အပြင်မှာ မောင်နှမတွေလိုပါပဲလို့ ပြောတဲ့ ခန့်