လာမယ့်နှစ် အော်စကာဆုပေးပွဲကို ရွှေ့ဆိုင်းဖွယ်ရှိနေ
၂၀၂၁ ခုနှစ်မှာ ကျင်းပဖို့ရှိတဲ့ ၉၃ ကြိမ်မြောက် အော်စကာဆုပေးပွဲဟာ အချိန်လိုသေးတယ်လို့ ဆိုနိုင်ပေမယ့် ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီက အဲ့ဒီဆုပေးပွဲကို ရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းနိုင်တယ်လို့ Variety မီဒီယာမှာ ဖော်ပြထားပါတယ်။ ဆုပေးပွဲနဲ့ပတ်သက်တဲ့ အစီအစဉ်တွေနဲ့ အသေးစိတ်အချက်တွေကို သတ်မှတ်တာမျိုး၊ အတည်ပြုတာမျိုး မရှိသေးပေမယ့် ရွှေ့ဆိုင်းနိုင်ချေရှိတယ်လို့ သတင်းတချို့မှာ ဖော်ပြထားပါတယ်။
လာမယ့်နှစ်အတွက် အော်စကာဆုပေးပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပဖို့ မူလက စီစဉ်ထားပါတယ်။ တခြားသတင်းရင်းမြစ်တခုရဲ့အဆိုအရ အဲ့ဒီဆုပေးပွဲကို ထုတ်လွှင့်မယ့် ABC ရုပ်သံလိုင်းဟာ ဆုပေးပွဲအတွက် လက်ရှိကျင်းပမယ့်ရက်ကို မပြောင်းလဲထားဘူးလို့လည်း သိရပါတယ်။
အခုနှစ်အတွက် ဆုရွေးချယ်မယ့် ရုပ်ရှင် ဇာတ်ကားတွေအတွက် စည်းမျဉ်းစည်းကမ်းအသစ်တွေကို ပြောင်းလဲမှာ ဖြစ်တဲ့အကြောင်း အကယ်ဒမီအဖွဲ့က ကြေညာခဲ့ပြီးမကြာမီမှာပဲ အခုလိုမျိုး နောက်နှစ်ရဲ့ အော်စကာဆုပေးပွဲကို ကျင်းပဖြစ်၊ မဖြစ် မကျိန်းသေမှုတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
အစဉ်အလာအရ လော့စ်အင်ဂျလိစ်ဒေသမှာရှိတဲ့ ရုပ်ရှင်ရုံတခုမှာ သီတင်းတပတ်ကြာ ပြသခဲ့ဖူးတဲ့ ရုပ်ရှင်ဖြစ်မှသာ ဆုရွေးချယ်ခံရမယ့် ဇာတ်ကားစာရင်းထဲ ထည့်သွင်းတာဖြစ်ပါတယ်။ ဒါပေမယ့် အခုနှစ်မှာတော့ မူလက ရုပ်ရှင်ရုံတွေမှာ ပြသဖို့ စီစဉ်ထားပေမယ့် အခြေအနေတွေကြောင့် ဒစ်ဂျစ်တယ်စနစ်ကနေ ထုတ်လွှင့်ပြသတဲ့ ရုပ်ရှင်တွေကိုလည်း ဆုရွေးချယ်ပေးအပ်တော့မှာဖြစ်ပါတယ်။
ဒါ့အပြင် လော့စ်အင်ဂျလိစ် မှာတင်မက နယူးယောက်၊ ချီကာဂို၊ မီယာမီ၊ အတ္တလန္တာနဲ့ Bay Area တို့မှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ပြသမယ့် ဇာတ်ကားတွေလည်း အကျုံးဝင်မှာဖြစ်ပါတယ်။
အခုလိုမျိုး စည်းမျဉ်းအပြောင်းအလဲကို ထုတ်ပြန်ကြေညာခဲ့ချိန် မှာတော့ အကယ်ဒမီအဖွဲ့ ဥက္ကဋ္ဌ David Rubin က “ဘယ်လိုအခင်းအကျင်းဖြစ်လာမယ်ဆိုတာကို သိဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့က ရုပ်ရှင်ကို ဂုဏ်ပြုပေးချင်တာပဲ သိပါတယ်။ ဒါပေမယ့် ဘယ်လိုပုံစံ ဖြစ်လာမယ်ဆို တာကို အတိအကျကျနော်တို့ မသိပါဘူး” လို့ Variety မီဒီယာကို ပြောဆိုထားပါတယ်။
Ref: cnalifestyle
You may also like these stories:
ကိုဗစ်ကာလ အပြင်ထွက်တဲ့ K-pop စတား ၄ ဦးရဲ့ အဖြေ Negative ထွက်
ဘင်ဂျမင်ဆုမ်းရဲ့ သီချင်းအသစ်ကို ချီးကျူးလိုက်တဲ့ ဖြူဖြူကျော်သိန်း