Mrs Universe 2019 (အိမ်ထောင်ရှင်အလှမယ်) တဦးဖြစ်တဲ့ ဟန်နီချိုကတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပတဲ့ Mask ပြိုင်ပွဲကိုတော့ သမီးဖြစ်သူနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုနဲ့ လွဲချော်ခဲ့တယ်လို့ ဆိုပါတယ်။
“ပြိုင်ပွဲဝင်က Like အများဆုံးသူကိုလည်းရွေးတယ်။ ပြီးတော့ Donation လုပ်မယ့်သူကိုလည်း ရွေးတယ်။ ဟန်နီတို့ကကျတော့ အဲ့လောက်ထိ မတွေးလိုက်ဘူး။ အမေစုကိုချစ်တဲ့ စိတ်တခုနဲ့ ကိုယ်တိုင်ချုပ်ရမယ်ဆိုတဲ့ အသိကိုပဲ တွေးပြီး ကိုယ့်ဘာသာ ချုပ်တယ်။ ကိုယ့်ဘာသာချုပ်တာကို ဝတ်ခြင်းအားဖြင့် ယုံကြည်မှုလည်း တိုးတက်စေတယ်။ နောက်ပြီးတော့ ကိုယ့်အား ကိုယ်ကိုးတဲ့ စိတ်လေးတိုးတက်စေတယ်ဆိုပြီး အဲ့လောက်လေးပဲ ရေးလိုက်တယ်”
“ဝင်ကြည့်တဲ့အချိန်မှာလည်း ကောမန့်တွေ အများကြီးရေးကြတယ်။ ဒါပေမဲ့ ဟန်နီ အဲ့လောက် မဖော်ပြမိဘူး။ အမေစုလည်း အများကြီးဖတ်ရမှာ စိုးရိမ်တာကတကြောင်း၊ ခေါင်းကိုက်မှာလည်း စိုးတာနဲ့ သိပ်မရေးဖြစ်လိုက်တော့ ဆုရွေးချယ်တဲ့ထဲမှာ မပါပါဘူး” လို့ ဟန်နီချိုက ဧရာဝတီကို ပြောပါတယ်။
ဟန်နီချိုကတော့ ပြိုင်ပွဲဝင်ရာမှာ လိုအပ်တဲ့နေရာများကို Mask များလှူဒါန်းခဲ့တဲ့အကြောင်းကို ထည့်မရေးမိဘဲ Mask ချုပ်ရတဲ့ရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူးများကိုသာ ဖော်ပြခဲ့မိတယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲကိုတော့ သမီးဖြစ်သူနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“ကိုယ်တိုင်ချုပ်တဲ့ Mask နဲ့ပဲပြိုင်ရမယ်ဆိုတဲ့ ခေါင်းစဉ်တခုနဲ့ပေါ့။ ပြိုင်ပွဲကိုအမှန်တော့ ကျမ ပြိုင်မှာ။ ပြိုင်ပွဲ အကြောင်းကိုတွေ့ပြီးတော့ အမျိုးသားကိုပြောနေတာ အမေစုက ကိုယ်တိုင်ချုပ်တဲ့ Mask နဲ့ဝင်ပြိုင်ရမယ်လို့ပြောတယ်လို့ ပြိုင်ကြရအောင်လို့ပြောနေတာကို သမီးကကြားသွားပြီး သူလည်း ပြိုင်မယ်။ သူ့ကိုလည်း သင်ပေးပါဆိုတော့ သားအမိ ၂ ယောက်လုံး မဂျိုကာကို သင်ခိုင်းရတယ်”
“Video Record ရိုက်ပြီး ပြန်ကြည့်ပြီးချုပ်တာ။ ပထမဆုံး Mask ကိုချုပ်ရင်းနဲ့ ပုံစံအမျိုးမျိုးချုပ်လို့ရတယ်ဆိုတာကို Youtube မှာထပ်ရှာကြည့်တာပေါ့။ အခုဆိုသမီးလေးက ဟန်နီ့ထက်တောင် အမျိုးစုံအများကြီး ၅ မျိုးလောက် ချုပ်ပေးထားတာ ကျမ Facebook မှာ ဝင်ကြည်လို့ရပါတယ်” လို့ ဟန်နီချိုက ပြောပါတယ်။
၈ နှစ်အရွယ်သာ ရှိသေးတဲ့ သမီးဖြစ်သူကတော့ ဒီဇိုင်နာ ဂျိုကာဆီမှာ Mask ချုပ်နည်းကို သင်ကြားပြီး ကိုယ်တိုင်ချုပ်လုပ်ကာ ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်တိုင်ချုပ်ပြုတ်ထားတဲ့ ဟင်းများကို အားပေးချင်တဲ့သူများအား ချက်ပြုတ် ရောင်းချပေးလျက်ရှိပါတယ်။
ဟန်နီချိုကိုယ်တိုင်လည်း COVID – 19 ကာလ အလှူများ သွားရောက် လှူဒါန်းတဲ့အခါမှာ ဝတ်ဆင်သွားတဲ့ အဝတ်အစားနဲ့ Mask ဖက်ရှင်ကို လူအများက သဘောကျနေပြီး ဒီဖက်ရှင်ကို ဝေဖန်တာတော့ တိုက်ရိုက် မမြင်ဖူးဘူးလို့ ဆိုပါတယ်။
“ဟန်နီကတော့ ဝေဖန်တာကို တခါမှတော့ဟန်နီ့ မျက်လုံးနဲ့ မမြင်ဖူးဘူး။ စကားလုံးလေး တလုံးတောင် တိုက်ရိုက်ပြောတာ မတွေ့ဖူးဘူး။ ဒါပေမဲ့ တချို့တွေ လာမေးတော့မှသာ မကြိုက်တဲ့သူတွေ ရှိပါလားဆိုပြီး အသိလေးဝင်သွားတာပေါ့။ ဝေဖန်သူ ရှိရှိ၊ မရှိရှိ ဟန်နီ့ဖက်ရှင်က လျှပ်ပေါ်လော်လီ ဝတ်ထားတဲ့ ဝတ်စုံလည်း မဟုတ်ဘူး”
“ပြီးတော့ ကိုယ့်ရဲ့လုံခြုံရေး အတွက်ဝတ်တာဆိုတော့ ဖက်ရှင်အနေနဲ့ဖြစ်တယ်။ ချစ်တဲ့သူတွေအကုန်လုံးကလည်း ဒီလိုလေးဝတ်ရင် Safe ဖြစ်တယ်ဆိုတာ အသိလေးဖြစ်သွားတယ်” လို့ ဟန်နီချိုက ပြောပါတယ်။
ဆက်လက်ပြီး “ တချို့တွေဆိုရင် ကာတွန်းတွေမှာ စာစစ်တဲ့ ဆရာမတွေဆိုရင် ဒီဖက်ရှင်လေး ဝတ်သွားသင့်တယ်ဆိုတဲ့ ပုံစံလေးဆွဲထားတာ ဟန်နီ့ပုံစံနဲ့ တထပ်တည်း ဖြစ်နေတော့ ချစ်ဖို့ကောင်းတယ်ပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာမတွေအတွက်လည်း ဒီလိုမျိုးလေး လုံလုံခြုံခြုံနဲ့ သွားတဲ့အခါကျရင် ပြန်လျှော်လိုက်ရင် အဆင်ပြေတယ်” လို့ ပြောပါတယ်။
ဟန်နီချိုကတော့ ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ အိမ်ထောင်ရှင်မယ် ကမ္ဘာပြိုင်ပွဲမှာ ဆုရရှိခဲ့သူ တယောက် ဖြစ်ပါတယ်။
You may also like these stories:
“Stay Home ကာလမှာ အကောင်းဆုံး နေနေပါတယ်”လို့ ဝိုင်းလေး ပြော
ကျန်းမာရေး ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်ကြောင်း နီတာ ပြော
၁ လတိတိ အချိုရည် မသောက်တဲ့ Challenge စတင်လိုက်တဲ့ ယွန်းယွန်း