နာမည်ကျော် ကိုရီးယား သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသမီး ပတ်ရှင်ဟေးနဲ့ မင်းသား ယူအာအင်းတို့ ပါဝင်ထားတဲ့ “Alive” ရုပ်ရှင်ကို လာမယ့်ဇွန်လမှာ ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဇွန်ဘီ အသားပေး “Train to Busan” ရုပ်ရှင် အောင်မြင်ခဲ့ပြီးတဲ့နောက် ကိုရီးယားမှာ ဇွန်ဘီတွေနဲ့ တိုက်ခိုက်တဲ့ ဗားရှင်းအသစ် တခုကို ဖော်ပြမယ့် ဇာတ်ကားတကား အနေနဲ့ “Alive” ရုပ်ရှင်ရောက်ရှိလာမှာလည်း ဖြစ်ပါတယ်။
“Alive” ရုပ်ရှင်မှာတော့ အန္တရာယ် ကျရောက်နေတဲ့ မြို့တခုမှာ ပိတ်မိနေတဲ့ ဇာတ်ကောင်၂ ဦးက အသက် ရှင်သန်နိုင်ဖို့ ကြိုးပမ်းရမယ့် အကြောင်းအရာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဇာတ်ကောင်၂ ဦးဖြစ်တဲ့ ဂျွန်ဝူးနဲ့ ယူဘင်တို့ဟာ ထူးဆန်းတဲ့ ရောဂါပိုးကူးစက်ခံခဲ့ရခြင်း မရှိတဲ့သူတွေထဲက ဖြစ်ပြီး တနိုင်ငံလုံး ဇွန်ဘီတွေ အနေနဲ့ ပြောင်းလဲသွားခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးကို ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
အဲ့ဒီလို ကပ်ဘေး ကျရောက်နေတဲ့အချိန်မှာ အိမ်ထဲမှာ ခိုလှုံနေရတဲ့လူအချို့ကတော့ ဖုန်းနဲ့ မက်ဆေ့၊ ဝိုင်ဖိုင်နဲ့ အင်တာနက်ဝန်ဆောင်မှုလို ဆက်သွယ်ရေး ပြတ်တောက်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ သူတို့ဟာ အသက်ရှင်နိုင်ဖို့ တသက်လုံး ပုန်းခိုနေဖို့ မဖြစ်နိုင်တဲ့အတွက် အပြင်ဘက်မှာရှိတဲ့ အရာတွေနဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီ ရုပ်ရှင်ကိုတော့ လာမယ့်ဇူလိုင်လကုန်မှာ ဖြန့်ချိမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ရုပ်ရှင် အတွက် ပထမဆုံး ပရိုမိုးရှင်းပိုစတာတွေကိုလည်း ဖြန့်ချိလိုက်ပြီး ဖြစ်ပါတယ်။
ဟောလိဝုဒ် ဇာတ်ညွှန်းရေးဆရာ Matt Naylor ရဲ့ဇာတ်ညွှန်းကို မှီငြမ်းရေးသားထားတာဖြစ်ပြီး ဒါရိုက်တာ Cho Il Hyung ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တောင်ကိုရီးယား ဂွန်ဆန်းမြို့ မှာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။
Ref: somagnews
You may also like these stories:
“Justice League” ဗားရှင်းအသစ်ကို ၂၀၂၁ ခုနှစ်တွင် ပြသမည်
ထင်သလောက် လူကြည့်နှုန်း မရခဲ့တဲ့ “The King” ဒရာမာ
ကိုဗစ်ကာလ အပြင်ထွက်တဲ့ K-pop စတား ၄ ဦးရဲ့ အဖြေ Negative ထွက်