အနုပညာသမားတွေ ဈေးရောင်းနေကြတာကြောင့် ဝေဖန်နေကြတဲ့အပေါ် ဇာတ်ပို့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်က ဒီလိုအပြောခံရတဲ့အပေါ် ထူးပြီး ခံစားမနေတော့ဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“အနုပညာသမားက အနုပညာ မလုပ်ဘဲ ဈေးရောင်းနေတယ် ငါတို့ အနုပညာ လုပ်ရတော့မှာလားလို့ ပြောနေကြတာ တွေ့တယ်။ တချို့က ချစ်လို့ စတာ ရှိတယ်။ တချို့ကျတော့လည်း တကယ်ကို အမြင်ကပ်လာပြီး ပြောကြတာတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူလူချင်း အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတာလေးတွေတော့ တွေးပေးစေချင်ပါတယ်”
“တခြားနိုင်ငံမှာဆို လေယာဉ်မောင်းတဲ့သူက Deli ပို့တယ်ဆိုပြီး ဖတ်လိုက်ရတယ်။ သူအဲ့လို ပို့တာကို သူတို့နိုင်ငံက သူတွေက မိုက်တယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိတယ်ဆိုပြီး ပြောပေးကြတယ်တဲ့။ ကျမတို့ နိုင်ငံကကျတော့ ဥပမာ ကျမတို့ အလုပ် မလုပ်လို့ အင်တာဗျူးလို့ ငိုပြလည်း မျက်ရည်ချူပြန်ပြီ။ အလုပ်လုပ်ပြန်တော့လည်း လုပ်လို့ပြောကြတယ်။ ကျမတို့ နိုင်ငံမှာက အကောင်းပြောတာ ၅၀ နဲ့ မကောင်းပြောတာ ၅၀ ဆိုတော့ ဒီပေါ်မှာ ထူးပြီးတော့ Feel မဖြစ်တော့ဘူး”လို့ နှိုင်းယှဉ်မြင့်မိုရ်က ပြောပါတယ်။
အနုပညာအလုပ် မလုပ်ရချိန်မှာ ဘာရောင်းရမလဲ စဉ်းစားပြီး ကလေးနားမှာလည်း နေရတာကြောင့် အွန်လိုင်းကနေ ဈေးရောင်းဖြစ်တာလို့ နှိုင်းယှဉ်မြင့်မိုရ်က ဆိုပါတယ်။
“အိမ်ထဲမှာနေပြီး ဘာလုပ်မလဲ စဉ်းစားတဲ့ အခါကျတော့ Facebook Live လွှင့်ပြီး ဈေးရောင်းမယ်ပေါ့။ ကိုယ်လုပ်လို့ အလွယ်ကူဆုံးဖြစ်မယ့်ဟာက ဒါပဲရှိတယ်။ နောက်ကလေးနဲ့လည်း နီးနီးနားနားမှာနေရတယ်ဆိုတော့ အဲ့ဈေးရောင်းတာလေးကို အာရုံစိုက်ပြီး လုပ်လိုက်တာပေါ့။ အလုပ်တွေ ရပ်သွားတဲ့အတွက် ကျမတို့မှာ ဘာဝင်ငွေမှ မရှိဘူး။ အခု ဈေးရောင်းလို့ရတဲ့ ငွေနဲ့ သူများတွေ စားသလို ကိုယ်တွေလည်း စားနိုင်တယ်။ သူများတွေ နေသလို ကိုယ်လည်းနေနိုင်တယ်။ စိတ်ချလက်ချလေးပေါ့”
“ပိုက်ဆံဆိုလည်း ကိုယ့်ပိုက်ဆံ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြင်နေရတာ စိတ်ချမ်းသာ တယ်။ အခု ၁ လကျော် လောက်မှာ အဆင်ပြေပါတယ်။ ပန်းဧကရီ စားသောက်ကုန်က ကျမ ရောင်းတာပါ။ ကိုယ်တိုင်လည်း ရောင်းတယ်။ ကိုယ်တိုင်လည်း လိုက်ပို့ တယ်။ နောက် ယိုးဒယားထီတွေလည်း ရောင်းတယ်”လို့ နှိုင်းယှဉ်မြင့်မိုရ်က ပြောပါတယ်။
အနုပညာသမားမို့ အနုပညာပဲ လုပ်ချင်တယ်လို့ဆိုတဲ့ နှိုင်းယှဉ်မြင့်မိုရ်က စီးပွားရေးတွေ အဆင်မပြေလို့ Plan B အနေနဲ့ စီးပွားရေးလုပ်တာပါလို့ ဆိုပါတယ်။
“အနုပညာသမားက အနုပညာပဲ လုပ်ချင်ကြတာပါ။ အနုပညာတွေ လုပ်နေတုန်းက သရုပ်ဆောင်ရတာ ပင်ပန်းတယ် ထင်ထားတာ။ အခုဈေးရောင်းရတာ ပိုပင်ပန်းတယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်နေတုန်းက ပင်ပန်းတယ် မထင်ထားခဲ့မိဘူး။ အခု ပိုပင်ပန်းနေတယ်။ ကျမတို့က ခဏတဖြုတ်ပါ။ စီးပွားရေးတွေ အဆင်မပြေလို့ Plan B အနေနဲ့ လုပ်လိုက်တာပါ။ ကမ္ဘာကြီး နေပြန်ကောင်းသွားရင် ကျမတို့ အလုပ်ပဲ ကျမတို့ ပြန်လုပ်ကြမှာပါ”လို့ နှိုင်းယှဉ်မြင့်မိုရ်က ပြောပါတယ်။