COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကူးစက်ခံရသူများကို စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတ လုပ်ကိုင်နေကြသူများကို ဂုဏ်ပြုတဲ့အနေနဲ့ “တန်ဖိုးရှိတဲ့ နှလုံးသားများ” သီချင်း သီဆိုဖြစ်ခဲ့တဲ့အကြောင်း ထွန်းအိန္ဒြာဗိုက အခုလိုပဲ ပြောပါတယ်။
“တန်ဖိုးရှိတဲ့ နှလုံးသားများ” သီချင်းကို ပုံဖော်ဖြစ်တာက ကပ်ရောဂါကာလမှာ လူတယောက်က ရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မသိနိုင်တဲ့အခါမှာ ရောဂါကို ကူညီပြီး ကုပေးနေရတဲ့သူတွေကို ကြောက်ကြတဲ့အတွက် သူတို့အဆောင် ပြန်ငှားရင် ငှားမရတာတို့ ကျမ Facebook ပေါ်မှာ တွေ့တယ်။ ကျမ စိတ်မကောင်းလည်း ဖြစ်မိတယ်”
“တန်ဖိုးရှိတဲ့ နှလုံးသားများ” သီချင်း
“အဲ့အတွက် ကျန်းမာရေးပညာရှင်များ၊ ဝန်ထမ်းများ၊ INGO, NGO အဖွဲ့အစည်းများ၊ Volunteer များ၊ ပရဟိတအသင်းများ အားလုံးက အားကိုး ယုံကြည်ရတဲ့ သူတို့ကို ဂုဏ်ယူချင်တဲ့အနေနဲ့ ဆိုဖြစ်တာပါ။ ပရိသတ်တွေက ဒီသီချင်းလေးကို ကြိုက်ကြတယ်။ ဒီသီချင်းပေါက်တယ်လို့ ပျော်တာထက် ဝိုင်းဝန်း ဂုဏ်ပြုပေးကြတယ်လို့ မြင်ပါတယ်”လို့ ထွန်းအိန္ဒြာဗိုက ဧရာဝတီကို ပြောပါတယ်။
ကိုယ်တိုင်လည်း အိမ်မှာ နေတဲ့အချိန် အဆိုတော် တင်ဇာမော်နဲ့အတူ ဆိုထားတဲ့ သီချင်းတပုဒ်ကို အွန်လိုင်းကနေ ဖြန့်ချိဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
“Stay Home ကာလမှာ ပြီးခဲ့တဲ့ ရက်ပိုင်းထိတော့ အိမ်မှာပဲ နေဖြစ်ပါတယ်။ အခုရက်ပိုင်း Lockdown တွေလည်းပွင့်ပြီ ဆိုတော့ အလုပ်တွေ ပြန်လုပ် ဖို့စဉ်းစားနေတယ်။ အလုပ်ကတော့ လူစုလူဝေးနဲ့ လုပ်တဲ့ အလုပ်တော့ မဟုတ်ဘူးပေါ့။ ကျမနဲ့ တင်ဇာမော်နဲ့ အွန်လိုင်းက လွှင့်ဖို့ သီချင်း ရှိတယ်။ အဲ့ဒါလေး စီစဉ်နေပါတယ်”လို့ ဆိုပါတယ်။
COVID-19 ရောဂါကို ကာကွယ်ဖို့ အပြင်ထွက်ရင် မဖြစ်မနေ Mask တပ်ကြဖို့ လိုအပ်တယ်လို့လည်း ထွန်းအိန္ဒြာဗိုက ဆိုပါတယ်။
“Mask မတပ်ကြတာတွေ ရှိတယ်။ အဲ့လို မြင်ရတာ စိတ်မကောင်းဖြစ်ပါတယ်။ ဒီရောဂါပိုးကို မမြင်နိုင်လို့ မတပ်ကြဘူးဆိုတာတော့ ကျန်းမာရေး အသိနည်းတယ်လို့ပဲ ပြစ်တင်ရမလို ဖြစ်နေပါတယ်။ လိုအပ်တဲ့ စေခိုင်းတဲ့ ကိစ္စတွေ လိုက်နာရမှာပေါ့ရှင်”
“ကိုယ်တိုင် Mask တပ်ခြင်းဖြင့်၊ တဖက်က Mask တပ်ခြင်းဖြင့် ရောဂါကူးစက်ဖို့ကို တားဆီးနိုင်ပါတယ်။ ကျမတို့ အသက်ရှုပေါက်ကနေပဲ ရောဂါတွေက ဝင်တာဆိုတော့ ရောဂါ ဝင်နိုင်ထွက်နိုင်တဲ့ နေရာကို ပိတ်တာ အကောင်းဆုံးပါပဲ။ အပြင်ထွက်ရင် Mask တပ်ကို တပ်ရပါမယ်”လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
မကြာခင် ဇာတ်ကားတွေ ပြန်ရိုက်ကူးဖို့ တောင်းဆိုနေကြသူတွေ ရှိတဲ့အပေါ်ကိုလည်း ထွန်းအိန္ဒြာဗိုက အခုလိုပဲ ဆိုပါတယ်။
“ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးဖို့ဆိုတာ သေချာ စိတ်မချရဘဲတော့ ရိုက်ကူးခွင့်ပေးမယ် မထင်ပါဘူး။ ရိုက်ကူးခွင့် မပေးရင်တော့ ရိုက်ကြမယ် မထင်ပါဘူး။ မတော်တဆ ခိုးရိုက်ရင်တော့ ခိုးရိုက်သူများရဲ့ တာဝန်ပါပဲ။ ပရိသတ်တွေလည်း အန္တရာယ် အမျိုးမျိုးကနေ ကင်းဝေကြပါစေ။ ကျန်းမာချမ်းသာကြပါစေ”လို့ ထွန်းအိန္ဒြာဗိုက ပြောပါတယ်။
You may also like these stories:
၁ လတိတိ အချိုရည် မသောက်တဲ့ Challenge စတင်လိုက်တဲ့ ယွန်းယွန်း
ထိုင်းမှာ ကိုဗစ် ကာကွယ်ဆေးကို လာမယ့်နှစ် အဆင်သင့်ဖြစ်ဖို့ မျှော်လင့်