နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြုလုပ်တဲ့ Mask ပြိုင်ပွဲမှာ ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေ၊ ဒီဇိုင်နာတွေလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဒီပြိုင်ပွဲမှာ မန္တလေးမှ ဒီဇိုင်နာ မျိုးမင်းစိုးကလည်း သူကိုယ်တိုင် ဖန်တီးချုပ်ထားတဲ့ ကြာချည်မျှင်၊ သဘာဝ ဆိုးဆေးတို့နဲ့ ပြုလုပ်ထားတဲ့ Mask ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ အနှစ်သက်ဆုံး ဆု ၃ ဆုမှာ ဒုတိယဆုကို ရရှိခဲ့ပါတယ်။ Mask ပြိုင်ပွဲ ဝင်ပြိုင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ဒီဇိုင်နာ မျိုးမင်းစိုးက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“အမေစုရဲ့ Mask ပြိုင်ပွဲမှာ ပါဝင်ဖြစ်တာက ကျနော်က ဒီဇိုင်နာတယောက် ဖြစ်နေတာရယ်၊ ဒီလို အခြေအနေမျိုးမှာ ကိုယ်တတ်နိုင်သလောက် တတ်အားသရွေ့ ပါဝင်ချင်တာကြောင့် ဝင်ပြိုင်ဖြစ်တာပါ။ ကျနော်က ကြာချည်မျှင်နဲ့ လတ်တလောမှာ အလုပ်လုပ်နေတော့ ကြာချည်တွေ ရက်ထားတာ အဆင်သင့်ရှိတဲ့အတွက် ကြာချည်နဲ့ Mask လုပ်မယ်လို့ စိတ်ကူးလေး ရခဲ့တယ်”
“ကြာချည်အောက်မှာ ခံတာက ချည်သား၊ အဲ့ချည်ကလည်း သဘာဝဆိုးဆေးနဲ့ လုပ်ထားပါတယ်။ အလယ်မှာလည်း အမှုန်အမွှားကို မဝင်နိုင်အောင် ခံမယ့်အရာဆိုလည်း ကျနော့် သူငယ်ချင်း ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချုပ်ထားတာပါ”လို့ ဒီဇိုင်နာ မျိုးမင်းစိုးက ဧရာဝတီကို ပြောပါတယ်။
ဒီပြိုင်ပွဲကိုတော့ ဆုရချင်လို့ ဝင်ပြိုင်တာ မဟုတ်ဘဲ ကိုယ်တိုင်က ဒီဇိုင်နာတယောက် အနေနဲ့ အခုလိုပြိုင်ပွဲမှာ ဝင်ပြိုင်သင့်တယ် ထင်တာကြောင့် ပါဝင်ဖြစ်တာလို့ ဆိုပါတယ်။
“ဆုရချင်လို့ ဝင်ပြိုင်တာလည်း မဟုတ်ပါဘူး။ ဒီဇိုင်နာတယောက် ဖြစ်နေတော့ ချုပ်တတ်နေတဲ့ ဒီဇိုင်နာ တယောက်က ပါဝင်သင့်တာကြောင့် ကြာနဲ့ ချုပ်တယ်ဆိုတာကို ပြချင်တာကြောင့် ဝင်ပြိုင်တာပါ။ ဆုရဖို့ဆိုတဲ့ သက်သက်ကြီး မျှော်လင့်ချက်နဲ့ ပြိုင်တာ မဟုတ်ပါဘူး။ ဒီဇိုင်နာ ဝင်ပြိုင်တာကို ဝေဖန်နေကြတဲ့ အပေါ်မှာတော့ ဘာမှပြောစရာ မရှိပါဘူး”
“ဒီဇိုင်နာဆိုတာ ကျနော်တို့က ချုုပ်လုပ်နေကြသူဆိုတော့ အခုလို Mask အတွက် ကျနော်တို့တွေ ပါဝင်သင့်ပါတယ်။ ဒီဇိုင်နာတွေလည်း ပါဝင် ယှဉ်ပြိုင်ကြပါတယ်။ အခုလို ဆုရရှိအောင်လည်း Like တွေ ပေးကြတဲ့ တဦးတယောက်ချင်းစီကိုလည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်”လို့ မျိုးမင်းစိုးက ပြောပါတယ်။
ပြိုင်ပွဲပြီးနောက် Mask တွေ ဈေးကျသွားတာ အရမ်းကောင်းမွန်တယ်လို့လည်း မျိုးမင်းစိုးက ပြောပါတယ်။
“အမေစုက ထူးချွန် ထက်မြက်တဲ့ မြန်မာအမျိုးသမီးတယောက်လို့ မြင်ပါတယ်။ အမေစု Mask ပြိုင်ပွဲပြီးတဲ့နောက်မှာ Mask တွေ ဈေးကျသွားတာ ပြည်သူထဲက ပြည်သူတယောက်အနေနဲ့ အရမ်းကောင်းမွန်တယ်လို့ ကျနော် မြင်ပါတယ်။ အရင်ကဆို ဈေးကြီးကြီးနဲ့ ပေးဝယ်ရတယ်”
“အဝတ်နဲ့ ချုပ်တာက လုံခြုံမှု မရှိဘူးဆိုလို့ မချုပ်ဖြစ်ပါဘူး။ အခုလို အမေစု ချုပ်ပြတော့ ကျနော်တို့ လိုက်ချုပ်ကြတယ်။ မတပ်တာထက်စာရင် တပ်တာက စိတ်ချရတယ်။ အဲ့အတွက် အခုလို ပြိုင်ပွဲလုပ်တာက အရမ်းကောင်းပါတယ်”လို့ မျိုးမင်းစိုးက ဆိုပါတယ်။
ဒီဇိုင်နာ မျိုးမင်းစိုးကတော့ မြန်မာနိုင်ငံက နာမည်ကြီး ဒီဇိုင်နာတဦးဖြစ်ပြီး ရွှေသားဝတ်စုံများ၊ ကျောက်မျက် ရတနာများနဲ့ ချုပ်လုပ်တဲ့ ဝတ်စုံများ ဖန်တီးရာမှာ ထင်ရှားသူတဦး ဖြစ်ပါတယ်။
You may also like these stories:
အနုပညာရှင်တွေ ဈေးရောင်းလို့ ဝေဖန်ခံရတဲ့အပေါ် မခံစားတော့တဲ့ နှိုင်းယှဉ်မြင့်မိုရ်
Mask ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ပေမယ့် ဆုနဲ့လွဲချော်ခဲ့တဲ့ Mrs Universe ဟန်နီချို
ဒေါ်အောင်ဆန်းစုကြည်ရဲ့ Mask ပြိုင်ပွဲကို ဝင်ပြိုင်ထားတဲ့ ချောစုခင်