COVID–19 ကာလ စီးပွားရေးများ ကျပ်တည်းနေကြချိန်မှာ အနုပညာများစွာ ဈေးရောင်းလာကြတာကို တွေ့မြင်ရပါတယ်။ အဲ့ဒီလို ဈေးရောင်းကြတဲ့အပေါ် လူအချို့က ဝေဖန်ကြတဲ့အတွက် ကိုယ်တိုင်က ဈေးမရောင်းပေမယ့် သူ့ရဲ့အမြင်ကို ဇာတ်ပို့ သရုပ်ဆောင် ရဲမွန်က အခုလိုပဲ ပြောပါတယ်။
“ကိုယ့်အခက်အခဲကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြတာပေါ့။ ဒါကတော့ ကောင်းပါတယ်။ တချို့ကလည်း ဈေးရောင်းနေကျ လူတွေက မရောင်းရဘဲ အနုပညာရှင်တွေက ဈေးရောင်းတယ်ဆိုတော့ သူများအလုပ် ဝင်လုတယ်လို့ ရေးတာတွေ တွေ့တယ်။ ဒါပေမဲ့ တဖက်မှာကြည့်ပြန်တော့ အနုပညာသမားတင် မဟုတ်ပါဘူး။ စီးပွားရေးသမားတွေလည်း အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာတွေ ရှိတဲ့အတွက် ကိုယ့်အခက်အခဲကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရတာလို့ တဖက်မှာလည်း ခံစားချက်တွေ ရင်ဖွင့်ထားတာ တွေ့တယ်”လို့ ရဲမွန်က ပြောပါတယ်။
ဆက်လက်ပြီး ရဲမွန်က “အဲ့တော့ နှစ်ဦးနှစ်ဖက်ကတော့ သူ့အမြင် ကိုယ့်အမြင်လေးတော့ ရှိကြမှာပေါ့။ ကျနော်ကတော့ ဘာမှ မပြောလိုပါဘူး။ ရောင်းနိုင်တဲ့သူက ရောင်းကြ။ ဝယ်စားနိုင်တဲ့သူက ဝယ်စားမယ်။ ကိုယ့်အခက်အခဲကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းတာဆိုတော့ ဘာမှ မပြောလိုပါဘူး”လို့ ပြောပါတယ်။
အခုအချိန်မှာ အကုန်လုံးက ဒုက္ခရောက်နေတဲ့အချိန် ဖြစ်တဲ့အတွက် အချင်းချင်း အားပေးဖို့ ခက်ခဲပြီး အသက်နဲ့ရင်းပြီး ကူညီပေးနေတဲ့သူတွေထက်စာရင် တော်သေးတယ်လို့ ဆိုပါတယ်။
“ဒီအချိန်မှာတော့ အချင်းချင်း အားပေးဖို့ကတော့ တော်တော်တော့ ခက်တယ်။ အကုန်လုံးက ဒုက္ခရောက်နေကြတာ။ ကျနော်ဆိုလည်း ဒီတိုင်းပဲထိုင်ပြီး စားနေရတဲ့ အနေအထားဆိုတော့ တတ်နိုင်သလောက်တော့ အားမလျော့အောင် ကိုယ့်ထက် ဒုက္ခရောက်တဲ့သူတွေလည်း အများကြီး ရှိတယ်”
“ကိုယ့်ထက် အပင်ပန်းခံပြီးတော့ အသက်နဲ့ရင်းပြီးကူညီပေးနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကြက်ခြေနီတွေ၊ Ambulance အဖွဲ့တွေ ၊ ပရဟိတအဖွဲ့တွေရော အများကြီးပေါ့နော်။ သူတို့တွေဆို ကျနော်တို့ထက်လည်း ပင်ပန်းတယ်။ အန္တရာယ်လည်း များတယ်။ အဲ့တော့ အဲ့လို လူတွေထက်စာရင် အများကြီး တော်သေးတယ်လို့ ပြောရမှာပေါ့” လို့ ရဲမွန်က ပြောပါတယ်။
တခြားသူတွေလို ဈေးရောင်းဖို့အတွက်တော့ အစီအစဉ် မရှိသေးဘဲ သူငယ်ချင်းများနဲ့ စုပေါင်းပြီး ပြုလုပ်ထားတဲ့ ပရဟိတအဖွဲ့လေးမှတဆင့် အဆင်မပြေတဲ့သူတွေကို လှူဒါန်းပေးနေတယ်လို့ ဆိုပါတယ်။
“အစီအစဉ်တော့ မရှိသေးဘူး။ ခက်တာက အချက်အပြုတ်ကျတော့လည်း ကျနော်က ကျွမ်းကျွမ်းကျင်ကျင် မချက်တတ်ဘူး။ မချက်တတ်တော့ ဖြစ်လာမယ် မထင်ဘူး။ ဒီကြားထဲမှာတော့ ကျနော်တို့ သူငယ်ချင်း၊ မိတ်ဆွေတွေ တနိုင်တပိုင် ပရဟိတ အဖွဲ့လေး ဖွဲ့ထားတယ်။ သင်္ကြန်မတိုင်ခင်က ဆန်တွေ၊ ဆီတွေ၊ ခေါက်ဆွဲခြောက်တွေ၊ စားစရာတွေ လှူဖြစ်တယ်။ အယောက် ၁၀၀ ကျော်ကို လှူဖြစ်တယ်။ ကျနော်တို့က အနုပညာသမားဖြစ်နေတော့ လူတွေအမြင်မှာ ဒီလောက်ကတော့ မခက်ခဲလောက်ဘူးလို့ ထင်မှာပေါ့”
“တကယ်တမ်းခက်ခဲတဲ့ အနုပညာရှင်တွေ အများကြီး ရှိပါတယ်။ တယောက်နဲ့တယောက် ပြန်မျှကြရတာပေါ့။ ကျနော်တို့တိုင်းပြည်မှာ ချစ်ဖို့ကောင်းတာက ဘာလဲဆိုရင် တခုခုဆို လှူမယ့် အလှူရှင်တွေက အများကြီး တွေ့ရတယ်။ ဟိုနေရာမှာ လှူတယ်၊ ဒီနေရာမှာ လှူတယ်။ လှူကြတာပေါ့နော်။ ဝမ်းသာစရာကောင်းပါတယ်။ ကျနော်တို့ ကပ်ဆိုးကြီးထဲမှာမှ မြင်ရတဲ့ ဝမ်းသာစရာတခုပေါ့” လို့ ရဲမွန်က ပြောပါတယ်။
ရဲမွန်ကတော့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်နေတဲ့ ဇာတ်ပို့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ရဲ့ Mask ပြိုင်ပွဲကို ဝင်ပြိုင်ထားတဲ့ ချောစုခင်
“အနုပညာရှင်တွေ ဈေးရောင်းကြတာကို အပြစ်မမြင်စေချင်ဘူး”