နယ်ပရိသတ်များစွာရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင်ဆောင်းအိန္ဒြေထွန်းကတော့ အခုအချိန်မှာ ချစ်ရမယ့်သူမရှိဘဲ တကိုယ်တည်းဖြစ်နေပေမယ့် အရင်က ချစ်သူတယောက်ရှိခဲ့ပြီး ယူခါနီးမှာ ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။
“အခုကျမမှာ ရည်းစားလည်း မရှိဘူး။ ပြီးတော့ ကျမရဲ့ချစ်သူ ဘောလုံးအသင်းဥက္ကဋ္ဌကလည်း ကြိုက်ခါနီးမှာဆုံးသွားတယ်။ သူနဲ့လည်း မယူဖြစ်လိုက်ဘူး။ ယူဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ နဂိုကတည်းက အဆက်အစပ်မရှိဘူး။ အဲ့တုန်းက အသက် ၃၀ကျော်မှ ချစ်သူတယောက်တွေ့တာဆိုတော့ သူများတွေဆို ကိုယ့်အရွယ်မှာ ရည်းစား ၃ ၊ ၄ယောက်တွေ့ပြီးပြီ။ ကိုယ်ကရည်းစားကို မထားလိုက်ရဘူး။ ချစ်သူကလည်း ဆုံးသွားတော့လေ” လို့ ဆောင်းအိန္ဒြေထွန်းကပြောပါတယ်။
ဆက်လက်ပြီး “ပြီးတော့ ကျမက အခုတွေ့အခုမကြိုက်တတ်တာ။ ကြာမှကြိုက်တာ ၂နှစ် ၃နှစ်လောက်လေ့လာပြီးမှ လူတယောက်ကိုကြိုက်တတ်တယ်။ ကျမက ရိုးရိုးသားသားတွေ ကြိုက်တတ်တယ်။ ကိုယ်ကလည်း အနုပညာ အလုပ်လုပ်တယ်။ ကိုယ်ကြိုက်တာကလည်း ရိုးရိုးသားသားတွေဆိုတော့ အဲ့လိုဆိုရင်တော့ တွေ့မယ်လေ” လို့ ပြောပါတယ်။
ယခင်က ချစ်သူဖြစ်ခါနီးမှ ဆုံးပါးသွားတဲ့သူတယောက်အပြင် မရှိခဲ့ဘဲ အနုပညာလုပ်နေတဲ့ သက်တမ်းတလျှောက်လည်း အချစ်ရေးနဲ့ပတ်သက်ပြီး ကောလာဟလမထွက်ခဲ့ဘူးလို့ ဆိုပါတယ်။
“ကျမက အနုပညာသာလုပ်တာလေ။ ၃၅လမ်းမှာဆိုရင် ဆောင်းအိန္ဒြေထွန်း ဘယ်ဒါရိုက်တာနဲ့ဖြစ်တယ်တော့ ဘယ်မင်းသားနဲ့ ဖြစ်တယ်တို့ ဘယ်ထုတ်လုပ်ရေးနဲ့ဖြစ်တယ်တို့ဆိုတာ မရှိဘူးလေ။ ကိုယ်ကရည်းစားတခါမှ မထားဘူးတော့ အဲ့ဒီအသံမထွက်ဘူး”
“ ဆောင်းအိန္ဒြေထွန်းကို ဘဲတဗွေနဲ့တွေ့လိုက်တယ်ဆိုတာကိုမရှိတာ ကိုယ့်ဘဝမှာ ရှင်းရှင်းလင်းလင်းကြီးဖြစ်နေတော့ ကိုယ့်ဘဝမှာ လူတယောက်ကိုကြိုက်ဖို့ကခက်ခဲတယ်။ ပြီးတော့ ကျမက ရိုးသားမှုကိုအခြေခံထားတဲ့သူကိုပဲ သဘောကျတာ။ ပိုက်ဆံချမ်းသာစရာမလိုပါဘူး” လို့ ဆောင်းအိန္ဒြေထွန်းကပြောပါတယ်။
ဆောင်းအိန္ဒြေထွန်းအနေနဲ့ အနုပညာအလုပ်ကိုအရမ်းကြိုးစားရပြီး အချစ်နဲ့ပတ်သက်ရင်တော့ အရမ်းကံကောင်းပေမယ့် နောက် ၁နှစ် ၂နှစ်အတွင်းတော့ အနုပညာအလုပ်ပဲကြိုးစားသွားမယ်လို့ ဆိုပါတယ်။
“ပထမက ကိုယ်နဲ့ကြိုက်မလိုဖြစ်သွားတဲ့သူကတော့ ပိုက်ဆံအရမ်းချမ်းသာတယ်။ ကျမက အချစ်ရေးနဲ့ပတ်သက်ရင် အရမ်းကံကောင်းတယ်။ အနုပညာအလုပ်သာ အရမ်းကြိုးစားရတာ။ အဲ့တော့ မပြောတတ်သေးဘူး။ အပျိုကြီး လုပ်မယ်ပြောပြီးမှ ၁လ ၂လအတွင်းပါသွားရင် ကိုယ့်အပြစ်ဖြစ်နေမယ်။ အနုပညာအလုပ်မှာ ၁နှစ် ၂နှစ်လောက် စိတ်ထည့်ပြီး ကြိုးစားဦးမယ်။ အချစ်ရေးမှာက ကတိမပေးရဲဘူး။ ကြိုက်တဲ့သူတွေရှိပါတယ်” လို့ ဆောင်းအိန္ဒြေထွန်းက ပြောပါတယ်။
ဆောင်းအိန္ဒြေထွန်းကတော့ ကိုဗစ်ကာလစိတ်ညစ်နေတဲ့သူများ ၊ ဝင်ငွေမရှိတဲ့သူများအတွက် အွန်လိုင်းပေါ်မှ ဖုန်းဘေလ်များကို မဲဖောက်ပေးလျက်ရှိပြီး မေလ ၂၂ရက်နေ့ကလည်း အမေများအဖွဲ့နဲ့ စက်အဖွဲ့များကို ငွေကြေးများလှူဒါန်းပေးခဲ့ပါတယ်။
“ကျမက မနက်ဖြန်ဆိုတာကို ထည့်မတွက်တော့ဘူး။ ဒီနေ့မှာပဲဘယ်လိုလှူရင်ကောင်းမလဲ ဘယ်လိုပေးရင်ကောင်းမလဲ ကိုယ့်အတွက်မကျန်ရင် မကျန်ပါစေပေါ့နော်။ လှူနေရရင်ပျော်ရွှင်တယ်။ ချစ်တဲ့သူတွေကိုလည်း ပြောချင်တာ သတိတချက်လေးကို ထိန်းပြီးတော့ ကိုယ့်နောက်ပါမယ့်အလုပ်လေးကို လုပ်ကြပါလို့ ပြောချင်ပါတယ်” လို့ ဆောင်းအိန္ဒြေထွန်းကပြောပါတယ်။
You may also like these stories:
အနုပညာရှင်တွေ ဈေးရောင်းကြတဲ့အပေါ် ဇာတ်ပို့ ရဲမွန်ရဲ့အမြင်
ကွယ်လွန်သွားတဲ့ ဖခင်ကို ခြေဆုပ်လက်နယ် မပြုစုခဲ့ရလို့ စိတ်မကောင်းဖြစ်နေတဲ့ မျိုးမျိုးခိုင်