အမေများအဖွဲ့ကို ဦးဆောင်နေရသူ ဒေါ်နွဲ့နွဲ့စမ်းကတော့ လက်ရှိမှာ အဖွဲ့ကို လိုအပ်တဲ့အစားအသောက်ပစ္စည်းများ လာရောက်လှူဒါန်းကြပေမယ့် နေ့စဉ်ဈေးသုံးစရာပိုက်ဆံမရှိဘူးလို့ ပြောပါတယ်။
“အလှူတွေသာ လာမလှူရင် အမေတို့စားရေးသောက်ရေး တော်တော်ခက်မယ်။ ဆန်တွေဆီတွေကတော့ ဟိုကလှူလိုက် ဒီကလှူလိုက်နဲ့ရှိတယ်။ အမေတို့မှာ ဈေးဝယ်စားစရာပိုက်ဆံမရှိဘူး။ လှူကြပါတယ်။ မောင်လွင်မိုးတို့လည်း လာလှူတယ်။ စိုးမြတ်နန္ဒာနဲ့မောင်စိုးသူတို့လည်း လာလှူတယ်။ အူဝဲတို့ဇနီးမောင်နှံလည်း လှူကြပါတယ်။ ကိုခန့်တို့အဖွဲ့လည်း လာလှူကြပါတယ်။ ဒီလိုလာလှူလို့သာပေါ့ကွယ်” လို့ ဒေါ်နွဲ့နွဲ့စမ်းကပြောပါတယ်။
ငွေကြေးခက်ခဲမှုရှိတဲ့အတွက် ရင်းနှီးတဲ့သူများလှူဒါန်းမယ်ဆိုရင်တော့ ငွေကြေးလှူဒါန်းပေးဖို့ပြောလို့ရပေမယ့် မရင်းနှီးတဲ့သူကို ပြောမိရင် အမြင်တမျိုးဖြစ်မှာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
“ငွေကြေးကတော့ ခက်ခဲနေတာအမှန်ပဲ။ အမေကပြောတယ် မောင်မိုးရယ် ခေါက်ဆွဲတွေမလှူပါနဲ့ ပိုက်ဆံပဲလှူပေးပါဆိုပြီး ခင်တဲ့သူကိုအဲ့လိုပြောရတယ်။ မရင်းနှီးတဲ့သူက ဆန်လာလှူတာကို ပိုက်ဆံလှူပါပြောရင် သဘောတမျိုးပေါက်သွားမှာပေါ့။ လှူတာတော့ လက်ခံပါတယ်။ ဒါပေမယ့်အမေတို့မှာ နေ့စဉ်သုံးဖို့ ဈေးသုံးဟာအခက်အခဲဆုံးပဲ။ တရက်ကို ၄သောင်း လောက်နဲ့ ၁၀ရက်လောက်သုံးရင်ကုန်ပြီ။ ဒါတောင် မျှမျှတတသုံးနေရတာနော်” လို့ ပြောပါတယ်။
ဆက်လက်ပြီး “တချို့ကျတော့လည်း ၂သောင်းလောက် ဆန်နဲ့ ပိုက်ဆံ ၁သောင်းပေးတယ်ဆိုရင်လည်း အမေတို့က လာယူရတာ ကားခက အသွား ၁သောင်း အပြန် ၁သောင်းဆိုတော့ ကိုယ့်မရှိတဲ့ထဲကားခကပြန်ထွက်သွားတော့ ပစ္စည်းတွေပဲအဖက်တင်တာ။ ပစ္စည်းရှိတယ်။ ပိုက်ဆံမရှိဘူး” လို့ ဒေါ်နွဲ့နွဲ့စမ်းကပြောပါတယ်။
လတ်တလောမှာတော့ “အမေများအဖွဲ့”အိမ်ရာမှာတော့ အခက်အခဲရှိနေတာကြောင့် လှူဒါန်းထားတဲ့ပစ္စည်းများကို လာယူခိုင်းပြီး သူတို့အိမ်မှာသာ ပြန်နေခိုင်းထားတယ်လို့ သိရပါတယ်။
“အမေက အခုပြန်ပို့ထားတယ် အကုန်လုံးကို။ အတူရှိနေရင် နေ့တိုင်းဈေးဖိုးက တနေ့ကို ၃သောင်းလောက်ကုန်တယ်။ ၁၀ရက်ဆို ၃သိန်း ဘယ်အကုန်ခံနိုင်မလဲ။ ကိုယ့်အိမ်ကိုယ်ပြန်စားကြဆိုပြီး ပို့ထားတယ်။ လှူထားတာတွေလာယူကြ။ ပြီးရင်ပြန် အမေမကျွေးထားနိုင်ဘူး။ ကျွေးပြီးတော့လည်း သေတော့လည်းကိုယ်ပဲချရတာ”
“ ဆေးရုံတက်တော့လည်း ကိုယ်ပဲလိုက်ရတာလေ။ အမေက အမေတွေကိုခေါင်းအေးစေချင်လို့ထူထောင်ထားတဲ့ အမေအိမ်ရာက ရေပေးမယ်။ မီးပေးတယ်။ နေစရာပေးမယ်။ ဆန်ပေးမယ်။ ကျန်းမာရေးဖြစ်တဲ့နေ့မှာ ဆေးရုံလိုက်ပြီး ကုပေးမယ်။ သေရင်မသာချပေးမယ်။ ဒါပဲလုပ်ပေးနိုင်မယ်လေ” လို့ ဒေါ်နွဲ့နွဲ့စမ်းကပြောပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကလည်း COVID -19 ကြောင့် ပွဲတွေမလုပ်ဖြစ်ခဲ့တဲ့အတွက် သင်္ကြန်မှာကဖို့အတွက် ပြင်ဆင်ထားတဲ့ ကုန်ကျစရိတ်များစွာလည်း ကုန်ကျသွားပြီး “အမေများအဖွဲ့” ရေရှည်တည်တံ့စေဖို့အတွက် ဝိုင်းကူပေးကြဖို့လည်း ဒေါ်နွဲ့နွဲ့စမ်းက တောင်းဆိုခဲ့ပါတယ်။
You may also like these stories:
အသက်ကြီးလာလို့ အစားအသောက် အနေအထိုင် ဆင်ခြင်နေရတဲ့ ဒေါ်နွဲ့နွဲ့စမ်း
“ဇာတ်ပို့ ဇာတ်ရန်တွေဆိုတာလည်း အရေးပါတဲ့အတွက် လျစ်လျူမရှုကြပါနဲ့”