Entertainment

အဆိုတော် Mary သီချင်းတွေကို ကြိုက်တဲ့ နေထွဋ် (Blake)

ကက်ဆက်ခွေဇာတ်လမ်းများနဲ့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ နေထွဋ် (ခေါ်) Blake ကတော့ နောက်ပိုင်းမှာ အဆိုတော်ကြီးတွေရဲ့ သီချင်းများကို Version ပြောင်းပြီး Cover Song အနေနဲ့ သီဆိုလာတာကိုတွေ့ရပါတယ်။ ဘယ်လိုသီချင်းတွေကို အဓိကထားသီဆိုဖြစ်လဲဆိုတာကို နေထွဋ်ကဧရာဝတီကို အခုလိုပြောပြခဲ့ပါတယ်။

“အဓိက သီချင်းတွေကိုဘယ်လိုရွေးချယ်ပြီး Cover Song ဆိုလည်းဆိုရင် Mood ကိုအဓိကထားတယ်။ Low Feel Beat ပုံစံမျိုးနဲ့ မှောင်တဲ့ဘက်ကိုသွားချင်တဲ့ သီချင်းပုံစံမျိုးလေးပေါ့။ “အတ္တ”၊ “မနိုးပါစေနဲ့မိုး” သီချင်းရောက မှောင်တဲ့ဘက် ကိုသွားတယ်။ အဲ့တော့ ကျနော်က Mood ကိုကြည့်ပြီး သီချင်းတွေကိုဆိုပါတယ်” လို့ နေထွဋ်ကပြောပါတယ်။

သီချင်းပုံစံမျိုးစုံကို နားထောင်တာကို ကြိုက်ပြီး အခုလက်ရှိမှာတော့ ကျော်ဟိန်းရဲ့ “အဓိပ္ပါယ်ရှိတဲ့လူ” သီချင်းကို ကြိုက်နေတယ်လို့ ဆိုပါတယ်။

“ကျနော်အင်္ဂလိပ်သီချင်းရော၊ မြန်မာသီချင်းရော နားထောင်တယ်။ အရင်ကသီချင်းတွေရော အခုခေတ်သီချင်းတွေရော နားထောင်တယ်။ အစုံနားထောင်ပါတယ်။ အမျိုးအစားခွဲထားတာတော့ မရှိပါဘူး။ ကျနော့်ရဲ့ပုံစံအရဆိုရင် Low Feel ပုံစံမျိုး၊ Mary သီချင်းတွေဆို ကျနော်ကြိုက်တယ်။ ဦးကျော်ဟိန်းရဲ့ “အဓိပ္ပါယ်ရှိတဲ့လူ”သီချင်းကို အရမ်းကြိုက်တယ်” လို့ နေထွဋ်ကပြောပါတယ်။

လက်ရှိအချိန်ထိ Cover Song ၅ပုဒ်ဆိုပြီးဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ဆိုစေချင်တဲ့သီချင်းရှိရင် ပြောလို့ရသလို သူကိုယ်တိုင်ရေးထားတဲ့သီချင်းလည်း ဆိုထားဖို့ရှိတယ်လို့ သိရပါတယ်။

နေထွဋ်ဆိုထားတဲ့ Cover Song တွေထဲက လူပြောများနေတဲ့ “မနိုးပါစေနဲ့မိုးရယ်” ၊ “အတ္တ” သီချင်းတွေကတော့ ဝေဖန်မှုများသလို တဖက်မှာလည်း နေထွဋ်ကို လူပိုသိသွားစေခဲ့ပါတယ်။

“တဖက်မှာလည်း အရမ်းအားပေးကြသလို တဖက်မှာလည်း မကောင်းတဲ့ကောမန့်တွေရှိတယ်။ ဘာလုပ်မှာလဲနော်။ ကောင်းတဲ့ကောမန့်တွေ ကျနော်ဖတ်တယ်။ မကောင်းတဲ့ကောမန့်တွေကိုလည်း ကျနော်ဖတ်တယ်။ တချို့ကျတော့လည်း စေတနာနဲ့ပြောတာလေ ဘယ်နားလေးကို ဘယ်လိုလေးပြင်လိုက်ဦး Mood လေးနည်းနည်းထည့်ဆို ဒီလိုမျိူးပြောတာတွေဆိုရင် ကျနော်လည်းသုံးလို့ရတယ်”

“ အဲ့လိုမျိုးဆိုရင် ကျနော်မှတ်ထားလိုက်ပြီ နောက်သီချင်းတွေဆို Mood ထည့်ပြီးဆိုလိုက်မယ်။ တချို့ကျတော့လည်း မင်းရုပ်ကချောနေတယ်။ သီချင်းနဲ့မလိုက်ဘူးပြောတော့ ကျနော်လည်း ဒီရုပ်ကိုဘယ်လိုသွားပြင်ရမှာလဲ” လို့ နေထွဋ်ကပြောပါတယ်။

ကက်ဆက်ခွေဇာတ်လမ်းတွေမှာ Blake ဆိုတဲ့နာမည်နဲ့လူသိလာခဲ့ပေမယ့် အခုအချိန်မှာ Cover Song တွေသီဆိုရမှ Follower လည်းပိုတိုးလာခဲ့ပြီး Tik Tok မှာလည်း သူ့သီချင်းနဲ့ ဆော့ကြတဲ့သူတွေများစွာရှိလာတယ်လို့ ဆိုပါတယ်။

နေထွဋ်အတွက် သရုပ်ဆောင်အလုပ်က ပထမဝါသနာဖြစ်တဲ့အတွက် အရေးပါသလို Music နဲ့ပတ်သက်ပြီးတော့လည်း ဝါသနာပါနေတာကြောင့် နောက်ပိုင်းမှာ ၂ခုလုံးတွဲလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

Loading