COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန် ခက်ခဲတဲ့ ဇာတ်ပို့၊ ဇာတ်ရံများကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနဲ့ တတ်နိုင်တဲ့သူများက လှူပေးနေတဲ့အပေါ် ဝမ်းသာမိသလို ဒီလိုမျိုး အလှူခံပြီး မနေချင်ဘူးလို့ သရုပ်ဆောင် ကိုကိုဦးက ပြောပါတယ်။
“ကျနော်တို့ ဇာတ်ပို့ ဇာတ်ရံတွေကို လှူပေးနေကြတာလည်း ဝမ်းသာတယ်။ ဒါပေမဲ့ ကျနော်တို့ စိတ်ထဲမှာ အားနာတယ်။ အလှူခံပြီးနေရတာကိုက စိတ်ထဲ တမျိုးကြီးပဲ။ ကျနော်တို့ ဒီလိုကြီးပဲလည်း အလှူခံပြီး မနေချင်ဘူး။ ကျနော်တို့ ရုန်းကန်နိုင်လားဆိုတော့လည်း မရုန်းကန်နိုင်ဘူး။ တခြား စီးပွားရေး မလုပ်ခဲ့မိတဲ့အတွက် နောင်တလေးတွေတော့ ရတယ်”လို့ ကိုကိုဦးက ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး ကိုကိုဦးက အနုပညာသမား အများစုက အနုပညာ အလုပ်ပဲ လုပ်တတ်ကြပြီး အခြား စီးပွားရေးလည်း မလုပ်တတ်ကြတဲ့အတွက် အခက်တွေ့ရတယ်လို့ ဆိုပါတယ်။
“ကိုဗစ် မြန်မြန်ပြီးဆုံးပါစေ ဆုတောင်းပါတယ်။ အနုပညာသမားတွေက အနုပညာအလုပ်ပဲ လုပ်ချင်တာပေါ့။ အနုပညာအလုပ်ပဲ လုပ်တတ်တာပေါ့။ တခြားအပြင်က စီးပွားရေးလည်း မလုပ်တတ်၊ လုပ်ဖို့ကလည်း အရင်းအနှီးလိုတယ်လေ။ အဲ့တော့ ကျနော်တို့က ပြင်ဆင်မှု မရှိကြဘူး။ ကျနော်တို့က အနုပညာအလုပ်နဲ့ တသက်လုံးကောင်းနေမယ်ပဲ ထင်ထားတာ”
“အဲ့မှာ ရုတ်တရက် ဗီဒီယို ဈေးကွက်လည်း ပျက်ပြီး ဂယက်ရိုက်နေချိန် ကိုဗစ်ကဖြစ်တော့ ကျနော်တို့အနုပညာသမားတွေ ပိုဆိုးသွားတာပေါ့။ ကျနော်တို့ အနုပညာသမားတွေ အပြင်စီးပွားရေး ဘာလုပ်ရမှန်းမသိဘဲ ဖြစ်တယ်လေ။ ငါတို့ အရင်ကတည်းက စီးပွားရေးလုပ်ခဲ့ရင် ကောင်းသား ဆိုပြီးနောင်တတွေတော့ရတာပေါ့”လို့ ကိုကိုဦးက ပြောပါတယ်။
လက်ရှိမှာ အနုပညာသမားအချို့ အွန်လိုင်းမှာ ဈေးရောင်းနေကြတာကို ဝေဖန်နေကြတဲ့အပေါ်လည်း ကိုကိုဦးက အခုလိုပဲ ဆိုပါတယ်။
“အနုပညာလုပ်ရာကနေ စီးပွားရေးလုပ်ရမှာကို ရှိန်နေကြတာ ရှိတယ်။ ရှိန်စရာ မလိုဘူး။ ကိုယ့်မိသားစုအဆင်ပြေဖို့အတွက် လုပ်ရမှာပဲ။ အနုပညာသမားတွေ ခက်ခဲနေတာကိုလည်း တချို့တော့ နားလည်ပေးကြတယ်။ တချို့က နားမလည်ပေးဘူး။ ကျနော်တို့ကို ဝေဖန်ပြောဆိုနေကြတယ်”
“ကျနော်တို့ အခက်အခဲကို မီဒီယာတွေကနေ ကျနော်တို့ အဆင်မပြေတာတွေ ပြောပြတော့ အပြောခံရတယ်။ ကျနော် ဖတ်ရတယ်။ ကျနော်တို့မှ အဆင်မပြေတာ မဟုတ်ပါဘူး။ အကုန် အဆင်မပြေတာ သိတယ်။ အဲ့အတွက် ကျနော်တို့တွေက ကိုယ်ဘာလုပ်ကိုင်စားမလဲ စဉ်းစားပြီး လုပ်သင့်တယ်”လို့ ဆိုပါတယ်။
ဆက်ပြီး “ အနုပညာသမားတွေကိုလည်း အမြင်စောင်းနေတာတွေ ရှိတယ်။ ကျနော်တို့ကို အမြင်မစောင်းစေချင်ပါဘူး။ ကျနော်တို့လည်း လူထဲက လူမို့ နားလည်မှုပေးကြပါ။ ပြောတာ မှားတာရှိရင်လည်း ခွင့်လွှတ်ပေးကြပါ။ ကျနော်တို့က အနုပညာကို ချစ်တဲ့အတွက် အနုပညာပဲ လုပ်နေတော့ တခြားစီးပွားရေးလုပ်ငန်းကို မလုပ်ခဲ့မိတဲ့အတွက် ကျနော်တို့ အလုပ်တွေ ရပ်တော့ စီးပွားရေးလေးတွေ လုပ်ကိုင်နေကြရတာကို နားလည်မှုလေးတွေ ပေးစေချင်တယ် ”လို့ ကိုကိုဦးက ပြောပါတယ်။
သရုပ်ဆောင် ကိုကိုဦးဟာ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေမှာ လူကြမ်းသရုပ်ဆောင်အဖြစ် ပရိသတ်အားပေးမှုတွေ ရရှိခဲ့သူဖြစ်ပြီး သားဖြစ်သူ သီဟအောင်ကလည်း လက်ရှိမှာ အနုပညာ လှုပ်ရှားမှုတွေ လုပ်ကိုင်နေပါတယ်။
You may also like these stories:
အခုနှစ်ကုန်ပိုင်းမှာ ABBA အဖွဲ့ရဲ့ သီချင်းသစ် ဖြန့်ချိမည်
တပတ်အတွင်း “Avatar” ရုပ်ရှင်ရိုက်ကူးရေး ပြန်လည် စတင်မည်
အဆိုတော် Mary သီချင်းတွေကို ကြိုက်တဲ့ နေထွဋ် (Blake)