ကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်းနဲ့ အနန္တမေတ္တာ ပရဟိတအဖွဲ့တို့ ပူးပေါင်းပြီး နွမ်းပါးသော ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် အယောက် ၄၀၀ အတွက် စားနပ်ရိက္ခာနဲ့ လူသုံးကုန် ပစ္စည်းတွေ လှူဒါန်းပေးခဲ့ကြပါတယ်။ ဒီလိုလှူဒါန်းမှုနဲ့ ပတ်သက်ပြီး ကျော်သူက အခုလို ဆိုပါတယ်။
“COVID-19 ဖြစ်တဲ့အချိန်မှာ ကျနော်တို့ အသင်းကတော့ လုပ်စရာရှိတဲ့ အလုပ်တွေပေါ့။ လိုက်လှူတာတွေ ရှိတယ်။ ဆေးတွေ လိုက်ဖျန်းတယ်။ ဆေးရုံတွေကို ဆေးဝါးကုသရေး ပစ္စည်းတွေ PPE ဝတ်စုံတွေ၊ Mask လှူတာတွေ လှူဒါန်းပြီးပြီ”
“အနန္တမေတ္တာ သာသနာပြုပရဟိတအဖွဲ့ကနေ ကမ်းလှမ်းလာတယ်။ ရုပ်ရှင်လောကသားတွေလည်း လှူချင်တယ်ဆိုတော့ ကျနော်လည်း အဲ့ကျမှ သတိရတယ်။ ပရိဟတသမားဆိုတော့ အများကို ကူညီဖို့ အာရုံရောက်နေတာ အနီးကို ရှိတာကို သတိမထားမိဘူး။ ကိုယ့်အနုပညာ လောကသားတွေအတွက် မလုပ်ပေးရသေးတာတွေ ရှိတော့ ဆရာမ မိသားစုနဲ့ ကျနော် ပူးပေါင်းပြီးတော့ လှူဖြစ်တယ်”
“ဆန်၊ ဆီ၊ သကြား၊ လူသုံးကုန်ပစ္စည်းတွေ၊ မိုးကာ အင်္ကျီတွေနဲ့ ငွေ ၃ သောင်း လှူတယ်။ ဇာတ်ပို့ ဇာတ်ရံကတော့ ထောင်ကျော်တယ်။ အရင်ကလှူတော့ ၄၀၀ စာ လှူတော့ အခုလည်း ၄၀၀ စာ သတ်မှတ် လှူလိုက်တယ်။ မနက်ဖြန်တော့ ဇာတ်ညွှန်းအလွှာရယ်၊ အစည်းအရုံး ဝန်ထမ်းတွေရယ်၊ နာယကကြီးတွေရယ်ကိုနဲ့ အာလုံး အယောက် ၆၀၀ စာ လှူသွားမယ် ”လို့ ကျော်သူက ဆိုပါတယ်။
စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အနုပညာလောကသားတွေအတွက် အလှူရှင်တွေ ထပ်မံ ထွက်ပေါ်လာစေချင်တယ်လို့လည်း ကျော်သူက ဆိုပါတယ်။
“ကျနော် အခုလို လှူဒါန်းရတော့ အရမ်းဝမ်းသာတယ်။ ကျနော် လှူတော့ သူတို့တွေကလည်း ဝမ်းသာကြတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ လှူလိုက်တာ သူတို့ အတွက် ၁၀ ရက်ကျော်ကျော်လောက်ပဲ စားလို့ရမှာ ၁၀ ကျော်ရင် သူတို့ ဘယ်လိုကျော်ဖြတ်ဦးမလဲ စဉ်းစားလိုက်မိရင် ရင်လေးတယ်။ ဒါကြောင့် အလှူရှင်တွေ ပေါ်ပေါက်လာဖို့ အရေးကြီးတယ်”
“ကျနော်တို့ အနုပညာသမားက အနုပညာပဲ လုပ်တတ်တာ အလုပ်ကြမ်းလုပ်ဖို့ ဆိုတာလည်း တော်ရုံ မလုပ်နိုင်ဘူး။ ကျနော်ကိုယ်တိုင်လည်း လက်ဖက်ရည်ဆိုင် ဖွင့်ဖူးတယ်။ ဆေးဝါးပစ္စည်းဆိုင် ဖွင့်ခဲ့ဖူးတယ်။ ထီဆိုင် ဖွင့်ခဲ့ဖူးတယ်။ ရှုံးတာပဲ။ ကိုယ်တိုင် မလုပ်နိုင်တော့ ရှုံးတာပဲ။ စီးပွားရေးဆိုတာ နားလည်တာ မဟုတ်ဘူး။ အနုပညာသမားက အနုပညာလုပ်ဖို့ပဲ ခေါင်းထဲမှာ ရှိတာ”
“အဲ့တော့ အနုပညာလောကကြီး ထိုင်နေရရင် အကုန်ဒုက္ခရောက်တယ်။ ဒီရောဂါက ဘယ်လောက်ထိ သွားမလဲ မသိဘူး။ နောက် ၆ လဖြစ်မလား။ ၁ နှစ်ဖြစ်မလား။ ၁ နှစ်ခွဲ ဖြစ်မလား မပြောနိုင်ဘူး။ အဲ့လို အခြေအနေမျိုးဆို ကျနော်တောင် ဒုက္ခရောက်ရင် ရောက်သွားမှာ။ ရောဂါတွေ အမြန်ဆုံး ချုပ်ငြိမ်းဖို့ အရေးကြီးတယ်။ အမြန်ဆုံး လုပ်ငန်းတွေ ပြန်လည်နိုင်ဖို့ အရေးကြီးတယ်။ လုပ်ငန်းတွေလည်း အမြန်ဆုံး ပြန်လည်ပတ်နိုင်ပါစေလို့ ဆုတောင်းနေရမှာပဲ”လို့ ကျော်သူက ဆိုပါတယ်။
You may also like these stories:
မျက်နှာကို ဆာဂျရီ အကြိမ်ပေါင်း ၃၀ လုပ်ဆောင်ခဲ့တဲ့ ထိုင်းအမျိုးသား
ဟယ်ရီပေါ်တာ ဇာတ်ကောင်ကြောင့် အရက်စွဲခဲ့ဖူးတဲ့ Daniel Radcliffe