COVID–19 Positive လူနာအဖြစ် ဧပြီလအတွင်းက ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတဲ့ အဆိုတော် နီတာဟာ ဆေးစစ်ချက်အဖြေ Negative ၂ ကြိမ် ရရှိပြီးနောက် ဆေးရုံက ဆင်းပြီး Facility Quarantine ဝင်ခဲ့ရာ ယခုအခါ ရောဂါပျောက်ကင်းသွားလို့ မိသားစုနဲ့အတူ ပြန်ဆုံတွေ့နေပါပြီ။
အဆိုတော် နီတာကို ဆေးရုံ တက်ရောက်စဉ်က အတွေ့အကြုံများ၊ Quarantine ဝင်ရောက်စဉ်က အကြောင်းအရာများနဲ့ ယခု မိသားစုနဲ့ ပြန်ဆုံတွေ့ရချိန် ခံစားချက်များကို ဧရာဝတီက အခုလို မေးမြန်းထားပါတယ်။
မေး။ ။ ရောဂါလည်း ပျောက်ကင်းပြီး အခု အိမ်ပြန်ရောက်နေပြီဆိုတော့ Quarantine နေရစဉ်က အတွေ့အကြုံတွေအကြောင်း ပြောပြပေးပါဦး။
ဖြေ။ ။ ကျနော် အားလုံး အဆင်ပြေခဲ့ပါတယ်။ ဆရာဝန်၊ ဆရာမတွေရဲ့ ပြုစု စောင့်ရှောက်မှုတွေလည်း ဂရုစိုက်ပေးလို့ ကျေးဇူးတင်ရပါတယ်။ ကျနော်တို့ ဒီရောဂါအတွက် ဆေးမရှိဘူးလေ။ ကမ္ဘာမှာလည်း မပေါ်သေးဘူးဆိုတော့ ဆရာဝန်၊ ဆရာမတွေကလည်း ပြုစုစောင့်ရှောက်တာ တခုပဲလုပ်ပေးလို့ ရတာပေါ့နော်။ ကျနော်ကလည်း ပြန်ကောင်းချင်တဲ့ စိတ်နဲ့ တော်တော်လေး ကြိုးစားရတာ။ အဲ့ဒါလေးကတော့ တော်တော်ပင်ပန်းတာပေါ့။ စိတ်ပင်ပန်းတာပေါ့။ အဖြေဘယ်လို ထွက်မှန်း မသိဘဲ ကြိုးစားနေရတာဆိုတော့ အဲ့လိုမျိုး ပင်ပန်းမှုကတော့ ရှိပါတယ်။
မေး။ ။ ဆေးရုံမှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံ၊ အဲ့ရက်တွေကို ဘယ်လို ဖြတ်သန်းခဲ့လဲ။
ဖြေ။ ။ ကျနော် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ဝေဘာဂီကို ရောက်တယ်။ တပတ်လုံး အိပ်မရဘူး။ ကလေးတွေနဲ့ မိန်းမကိုလည်း စိတ်ပူရနဲ့ပေါ့။ နောက်ပိုင်း ဆရာဝန်တွေကိုပြောပြီး အိပ်ဆေး တောင်းအိပ်ရတယ်။ နောက်ပိုင်းမှ ပုံမှန် ပြန်ဖြစ်တယ်။ နေ့တိုင်း မနက် ၅ နာရီ ထတယ်။ ကျမ်းစာ ဖတ်တယ်။ ဆုတောင်းတယ်။ ဓာတ်ဆားရေသောက်၊ Ensure သောက်နဲ့ နောက်ဆရာ၊ ဆရာမတွေ လာတော့ လိုအပ်တာတွေ စစ်ဆေးပြီး လိုအပ်တာတွေ လုပ်ပေးတာပေါ့။ ဆေးရုံတက်တဲ့အချိန်မှာ ကျနော် ဆေးလုံးဝ မသွင်းခဲ့ရဘူး။ ကျနော့် မိတ်ဆွေကတော့ ဆေးသွင်းရတာတွေ ရှိတယ်။
အဓိက ရောဂါ ဝေဒနာ ခံစားရတာက ကျနော်က သွေးပေါင်ကျတာ။ သွေးပေါင် တော်တော်ကျတော့ အန္တရာယ်များတဲ့ အနေအထားထိ ရောက်တယ်။ ပြန်ပြီးကောင်းဖို့အတွက် ဓာတ်ဆားရေသောက် ဆိုလို့ ဓာတ်ဆားရေ သောက်တယ်။ ပြီးတော့ အုန်းရည်လည်း သောက်တယ်။ ရောဂါပိုး ဆီးထဲကနေ ပါသွားဖို့အတွက် ရေတွေ အများကြီးသောက်တယ်။ သူများတွေက နှာခေါင်း အနံ့ မရဘူး။
ကျနော်က ပါးစပ်ပျက်တာ။ ပါးစပ်ပျက်တော့ အစားစားမရဘူး။ ထမင်းစားရင်လည်း ၂ လုတ်ထက် ဆက်မစားချင်တော့ဘူး။ အားမရှိရင် ရောဂါက ပိုဆိုးလေဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အရည်ထဲ အားရှိမယ့် အစားအစာတွေ စားရတယ်။ ပရဟိတအဖွဲ့တွေက လာပို့တဲ့ အားရှိတဲ့ အစားအစာလည်း စားတယ်။ ပရဟိတအဖွဲ့တွေလည်း ကျေးဇူးတင်ပါတယ်။
မေး။ ။ အစ်ကို ကိုယ်တိုင်က ဖြတ်သန်းခဲ့ရတော့ အခု Quarantine ဝင်နေရတဲ့သူတွေအတွက်ရော ဘယ်လို ပြောချင်လဲ။
ဖြေ။ ။ ကျနော်က ၂ ကြိမ် Positive၊ ၂ ကြိမ်က Negative ထွက်တာပေါ့။ ကြိုးစားဖြတ်သန်းခဲ့ရတာပေါ့။ ထွက်ပြေးတာတွေလည်း ကြားတယ်။ တချို့က Q ဝင်တာကို ဘယ်လိုထင်လို့ ထွက်ပြေးကြလဲတော့ မသိဘူး။ နှာခေါင်းထဲကို ထည့်ပြီး ကိုဗစ်ပိုး ရှိ၊ မရှိ စမ်းတာတော့ တော်တော်လေး နာတယ်။ တချို့လည်း အဲ့ဒါကိုကြောက်ပြီး ထွက်ပြေးကြတာလား မသိဘူး။ စစ်လိုက်တာတော့ ကောင်းတယ်။ သိရတော့ စောစောစီးစီး ပြုစုကုသမှု ခံယူလိုက်ရင် အကောင်းဆုံးပေါ့။
မကြောက်နဲ့။ ကြောက်သင့်သလောက်ပဲ ကြောက်ပါ။ မကြောက်ဘဲ Mask မတပ်ဘဲ လျှောက်သွားနေသူတွေကျတော့လည်း မလုပ်ကြပါနဲ့။ ရောဂါပိုးရှိသူက ပစ္စည်းတခုကို ကိုင်ထားခဲ့တာကို ကျန်တဲ့သူက ကိုင်မိရင် ရောဂါပိုးကူးမှာပဲ။ ဒီရောဂါက တခြားရောဂါတွေနဲ့ မတူဘူး။ သေဘေးနဲ့ ပိုနီးနေတယ်။ တခြားနိုင်ငံကြီးတွေတောင် တော်တော် သေကြတာ။
ဆေးဝါးတွေ၊ နည်းပညာတွေ မြင့်တဲ့ နိုင်ငံတောင် မလုပ်နိုင်တာ ဒီလို ကပ်ရောဂါက ဒီမှာ အများကြီးဖြစ်ရင် ပိုမလွယ်ကူနိုင်ဘူး။ အဲ့လို ရောဂါက ကျနော်တို့ နိုင်ငံမှာဆို ပိုတောင် မလွယ်ကူနိုင်ဘူးလေ။ ဒါပေမဲ့လည်း ဆရာ၊ ဆရာမတွေ ပြောတဲ့အတိုင်း ပျောက်ရမယ်၊ ကောင်းရမယ်ဆိုတဲ့ စိတ်လေးကို ထားရင်တော့ ရလဒ်ကောင်းတွေ ရမှာပါ။
မေး။ ။ သွေးရည်ကြည်ကုထုံးနဲ့ သွေးလှူခဲ့တာလည်း တွေ့ရတော့ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး ပြောပေးပါဦး။
ဖြေ။ ။ ကျနော် Negative ၂ ကြိမ် ထွက်ကတည်းက ဆရာဝန်ကြီးတွေက ဒီကုထုံး ရှိတယ်။ လှူချင်တဲ့ စိတ်ရှိလားဆိုတော့ လှူပါ့မယ်လို့ တခါတည်း အဖြေပေးလိုက်ပြီး လှူဖြစ်တာပေါ့နော်။ သွေးထုတ်တာကတော့ ပုံမှန် သွေးထုတ်သလိုမျိုးပဲ ထုတ်တယ်။ သွေးရည်ကြည်က ကိုဗစ်ဖြစ်နေတဲ့ လူနာကို ထိုးလိုက်ရင် Antibodies ပြန်တက်လာပြီးတော့ ပြန်ကောင်းတယ်လို့ ပြောတယ်။
သွေးထုတ်မယ်၊ သွေးရည်ကြည် လှူလိုက်၊ ပြီးရင် သွေးကို ပြန်ထည့်ချင်လား မေးတယ်။ ပြန်မထည့် ရင်လည်း အသုံးပြုလို့ရတယ်ဆိုတော့ နှစ်မျိုး သုံးလို့ရအောင် လှူလိုက်တယ်။ အခုလို လှူရတော့ ပျော်ပါတယ်။ အရမ်း တန်ဖိုးရှိတယ်။ လှူခွင့်ရလို့ ကျေနပ်ပါတယ်။ ကျနော် လတိုင်းလည်း လှူမယ်။
မေး။ ။ အခုချိန်မှာ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်ပြောဆိုနေကြတယ်။ အဲ့အပေါ် အစ်ကို့ အမြင်လေးလည်း ပြောပေးပါဦး။
ဖြေ။ ။ ကျနော် အများကြီးလည်း မပြောချင်ဘူး။ Facebook က အများကြီး သုံးကြတယ်။ တချို့ကလည်း အကောင့်အစစ် မဟုတ်ဘဲ ဝင်ကြည့်လိုက်ရင် ကိုရီးယား မင်းသားပုံတို့၊ ငှက်ကလေးပုံ တင်ထားတာတို့နဲ့။ အဲ့လို လူတွေ အများကြီးရှိတယ်။ ဦးနှောက်မှာ ဆန်ခါ (ဇကာ) မပါဘဲ သုံးတဲ့သူတွေ အများကြီးရှိတယ်လို့ အစ်ကို တယောက်က ပြောတယ်။ အကောင့်အမှန်နဲ့ သုံးတဲ့သူတွေကတော့ ရိုင်းရိုင်းစိုင်းစိုင်း မရှိကြပါဘူး။ အဲ့ပေါ်မှာတော့ အများကြီး ပြောစရာ မရှိပါဘူး။
ရှေ့မှာ ဆဲဆိုနေတာတွေ အများကြီး ရှိတယ်။ အမှန်တရားက အမြဲ နောက်ကျပါတယ်။ အမှန်တရား သိလာတဲ့အချိန် အားလုံး အဆင်ပြေသွားပါလိမ့်မယ်။ ကျနော်တို့ကို ဘာသာရေး စုဝေးပွဲကြောင့်လို့ ခေါင်းစဉ်သုံးတဲ့ မီဒီယာတွေကိုတော့ ဘဝင်မကျဘူး။ ဘာသာရေး ဝတ်ပြု ဆုတောင်းပွဲလို့ သုံးကြတယ်။
Live streaming လုပ်တာ။ အဆိုတော် ၄ ယောက်နဲ့ တရားဟော ဆရာပါတယ်။ ရိုက်ကူးရေး ပါတယ်။ ၁၅ ယောက်၊ အယောက် ၂၀ ပေါ့။ ပရိသတ် ဆိုတာ မပါဘူး။ တကယ်တမ်း ဖြစ်သွားချိန်မှာ အဲ့လို အသုံးအနှုန်းတွေ သုံးလိုက်တော့ လူတွေရဲ့အမြင်လွဲမှုတွေ ဖြစ်သွားတယ်။ စည်းကမ်းတကျပဲ လိုက်နာလုပ်ဆောင်ခဲ့တာ ဖြစ်တော့ အဖြေမှန်လေးတခု ထွက်လာမှာပါ။
မေး။ ။ အိမ်ပြန်ရောက်ပြီဆိုတော့ ဝမ်းသာပီတီ စကားနဲ့ ဘာတွေ ဆက်လုပ်သွားမလဲ။
ဖြေ။ ။ ကျနော် အိမ်ပြန်ရဖို့ အရမ်းပျော်တာပေါ့။ ဒီနေ့ ရောက်ဖို့ ၃ လလောက် ရုန်းကန်ခဲ့ရတယ်။ ကြားထဲမှာလည်း ကလေးတွေကို တွေ့ချင်ခဲ့တာ။ သမီးငယ်လေးကတော့ အဖေကို အရမ်းခင်တွယ်တဲ့သူ ဆိုတော့ အဖေကိုပဲ မေးနေတာ။ ဖုန်းဆက်ရင် စိတ်ဆိုးနေတာ မပြောဘူး။ သမီးလေး နှစ်ယောက်က ဖက်ပြီးငိုတော့ စိတ်မကောင်းဘူး။ သူတို့နဲ့ အချိန်ပေးပြီး နေပေးဖြစ်နေတယ်။ နိုင်ငံတော်အစိုးရကလည်း အများကြီး လုပ်ပေးတယ်။
အမေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ကိုဗစ်ကို ဦးဆောင်ပြီး လုပ်ကိုင်နေတယ်။ အမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျနော်တို့က ဆေးရုံမှာသာနေရတာ အင်တာနက်လည်း ရတော့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဖုန်းတွေ ပြောခွင့် ရတယ်။ လေ့လာစရာတွေ လေ့လာခွင့် ရတယ်။
ကျနော် နေကောင်းပြီဆိုတော့ အလုပ်တွေလည်း တန်းစီနေပြီ။ အသံတွေ ပြန်သွင်းမယ်။ ကျနော့် တကိုယ်တော်ခွေအတွက်ပါ။ အခွေက ၆၀ ရာခိုင်နှုန်းလောက်ပြီးနေပြီ။ ၃၊ ၄ ပုဒ်လောက် ကျန်တာ။ ဆေးရုံ ရောက်သွားတော့ အဲ့ဒါတွေ ဆက်လုပ်ပါမယ်။ ။