၂၀၁၉ ခုနှစ် မတ်လတုန်းက ရုပ်သံစတား၊ အလှကုန်ပစ္စည်း ကုမ္ပဏီပိုင်ရှင် Kylie Jenner ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာတဦးဖြစ်လာခဲ့ပြီလို့ ကြေညာခဲ့တဲ့ Forbes မဂ္ဂဇင်းဟာ အခုတော့ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ အဲ့ဒီလောက်များတယ်လို့ မယုံကြည်တော့ကြောင်း ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
Kylie ရဲ့ Kylie Cosmetics ကုမ္ပဏီရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဝယ်ယူခဲ့တဲ့ Coty Inc ကနေ ထုတ်ပြန်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေကို သုံးသပ်ခဲ့တယ်လို့ ကမ္ဘာကျော်မဂ္ဂဇင်းက ဆိုပါတယ်။
မဂ္ဂဇင်းရဲ့အဆိုအရ အဲ့ဒီဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေမှာ Kylie တို့ မိသားစုက အလှကုန်ပစ္စည်းလုပ်ငန်းကို နှစ်အတော်ကြာ ဦးဆောင်ခဲ့တယ်ဆိုတာထက် သူ့ရဲ့ စီးပွားရေး လုပ်ငန်းဟာ ပိုမိုသေးငယ်ပြီး အကျိုးအမြတ်ရတာလည်း နည်းတယ်ဆိုတာကို ပြသနေတယ်လို့ သိရပါတယ်။
Forbes မဂ္ဂဇင်းကတော့ လက်ရှိမှာ အသက် ၂၂ နှစ်အရွယ် Kylie ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း ၉၀၀ သာရှိတယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ Kylie ကတော့ မကြာသေးခင်က ထွက်လာတဲ့သတင်းဟာ မတိကျတဲ့ ထုတ်ပြန်ချက်တွေနဲ့ သက်သေ မပြနိုင်တဲ့ ယူဆချက်တွေကို အခြေခံထားတာဖြစ်ကြောင့် မေလ ၂၉ ရက်နေ့မှာပဲ Twitter ကနေ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
Kim Kardashian ၊ Khloe Kardashian နဲ့ Kourtney Kardashian တို့ရဲ့ တဝမ်းကွဲ ညီမ Kylie ဟာ နှုတ်ခမ်းနီနဲ့ နှုတ်ခမ်းဖော်တံတို့ ပါဝင်တဲ့ ၂၉ ဒေါ်လာတန် နှုတ်ခမ်းသုံးပစ္စည်းတွေနဲ့ ၂၀၁၆ ခုနှစ်မှာ Kylie Cosmetics ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ “Keeping Up with the Kardashians” အစီအစဉ်မှာ မိခင်၊ ညီအစ်မတွေနဲ့အတူ ပါဝင်ခဲ့ပြီးတဲ့နောက် လူသိများလာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့မှာတင်ခဲ့တဲ့ Twitter က ပို့စ်မှာတော့ သူဟာ နှစ်အနည်းငယ်အတွင်းမှာ လှပတဲ့ သမီးလေးကို ရရှိခဲ့သလို အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတခုကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ သူက “အခုအချိန်မှာ ကျမမှာ ပိုက်ဆံဘယ်လောက်ရှိတယ်ဆိုတာထက် ပိုအရေးကြီးတဲ့ ပစ္စည်း ၁၀၀ စာရင်းကိုတောင် နာမည်ပေးနိုင်နေပြီ” လို့ဆိုပါတယ်။
Ref: asiaone
You may also like these stories:
ဆေးရုံတွေအတွက် လက်သန့်ဆေးရည် ထုတ်လုပ်မယ့် Kylie Jenner
ကိုဗစ်အတွက် လှူဒါန်းခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ
“Gonjiam: Haunted Asylum” ရုပ်ရှင်ကို ဟောလိဝုဒ်မှာ ပြန်ရိုက်ကူးမည်