တရုတ်အနုပညာလောကကနေ ၂ နှစ်လောက် ပျောက်ကွယ်နေခဲ့တဲ့ မင်းသမီး ဖန်ပင်းပင်းကို ၂၀၁၈ ခုနှစ်တုန်းက အခွန်ရှောင် အရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ ယွမ် သန်း ၅၀၀ တန် ရုပ်သံစီးရီးမှာ ပြန်လည် မြင်တွေ့ ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ချင်မင်းဆက် (၂၂၁ ဘီစီ-၂၀၆ ဘီစီ) မှ သမိုင်းနောက်ခံအကြောင်း အရာတွေကို အခြေခံထားတဲ့ “Win the World” ဒရာမာကို Youku ဗီဒီယို ပလက်ဖောင်းမှာ ထုတ်လွှင့်တော့မှာ ဖြစ်တယ်လို့ တရုတ်သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ ဘယ်အချိန်မှာ ထုတ်လွှင့်မယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
Talent Television and Film ကနေ ထုတ်လုပ်ထားပြီး မင်းသား Gao Yunxiang နဲ့ မင်းသမီး ဖန်တို့ ပါဝင်ထားကြတဲ့ အဲ့ဒီစီးရီးဟာ တရုတ်နိုင်ငံမှာ ရိုက်ကူးခဲ့ဖူးသမျှ စီးရီးတွေထဲ ဈေးအကြီးဆုံး ရုပ်သံစီးရီး ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကြီးကို ပေါင်းစည်းပြီး ချင်နိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ Qin Shi Huang ကို ကူညီမယ့် မုဆိုးမ၊ အမျိုးသမီး စွန့်ဦးတီထွင်သူ Qing (ဖန်ပင်းပင်း) က မဟာတံတိုင်းကြီး ဆောက်လုပ်မှုမှာ ပါဝင်ခဲ့တဲ့အကြောင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အဲ့ဒီစီးရီးကို မူလက ၂၀၁၈ ခုနှစ်မှု ထုတ်လွှင့်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ခေါင်းဆောင် မင်းသားနဲ့ မင်းသမီး နှစ်ယောက်လုံးရဲ့ ဂယက်တွေကြောင့် ထုတ်လုပ်ရေး လုပ်ငန်းတွေကို ရုတ်တရက် ရပ်ဆိုင်းခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက မင်းသမီး ဖန်ဟာ တရုတ်အစိုးရရဲ့ အခွန်ရှောင်အရှုပ်တော်ပုံ ဖြိုခွင်းမှုမှာ ပါဝင်ခဲ့ရာကနေ မင်းသမီးဟာ အခွန်ငွေ ယွမ် ၂၅၅ သန်းပေးဆောင်ခဲ့ခြင်း မရှိဘူးလို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
အဲ့ဒီဖြစ်ရပ်တွေ မတိုင်မီ လအနည်းငယ်အလိုမှာလည်း မင်းသား Gao ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့မှာ အဖမ်းခံခဲ့ရပါတယ်။
အဲ့ဒီအမှု ပြီးဆုံးချိန်အထိ သြစတြေးလျကနေ ထွက်ခွာခွင့်မရခဲ့ပါဘူး။ အဲ့ဒီနောက် Talent Television and Film က မင်းသား Gao ရဲ့နေရာမှာ မင်းသမီးဖန်ရဲ့ ချစ်သူဟောင်း Li Chen နဲ့ အစားထိုးဖို့အထိ ပြင်ဆင်ခဲ့ပါတယ်။
တရုတ်အနုပညာလောကမှာတော့ ပြဿနာတက်ခဲ့ကြတဲ့ သရုပ်ဆောင်တွေ ပါဝင်တဲ့ ရုပ်ရှင်၊ ဒရာမာတွေကို ထုတ်လွှင့်တာ မျိုး သိပ်မရှိပေမယ့် အခုလိုမျိုး “Win the World” ဒရာမာကို Youku ဆိုတဲ့သတင်းကြောင့် ပရိသတ်တွေကတော့ အံ့အားသင့်ခဲ့ကြရပါတယ်။ အဲ့ဒီဒရာမာ စီးရီးထဲမှာ အဓိကသရုပ်ဆောင်နှစ်ဦးရဲ့ ဇာတ်ဝင်ခန်းတွေကို ဖယ်ထုတ်မှာ မဟုတ်ပေမယ့် အပိုင်း ၇၆ ပိုင်းကနေ အပိုင်း ၆၀ အထိ လျှော့ချသွားမယ် ဖြစ်တယ်လို့ သိရပါတယ်။
မထုတ်လွှင့်ရသေးတဲ့ မင်းသမီး ဖန်ရဲ့ ရုပ်ရှင်တွေထဲမှာ “Cell Phone 2” ရုပ်ရှင်၊ ဂျိမ်းစ်ဘွန်းမင်းသားဟောင်း Pierce Brosnan နဲ့အတူ ရေသူမအဖြစ်ပါဝင်ထားတဲ့ “The King’s Daughter” ရုပ်ရှင်တွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် ဟောလိဝုဒ် မင်းသမီးတွေဖြစ်ကြတဲ့ Jessica Chastain ၊ Penélope Cruz တို့နဲ့အတူပါဝင်ထားတဲ့ “355” ရုပ်ရှင်ကိုလည်း ပြသဖို့ရှိနေပါသေးတယ်။
Ref: asiaone
You may also like these stories:
တရုတ်နိုင်ငံမှာ “အွန်လိုင်းဂိမ်းများကို ညမဆော့ရ” အမိန့် ထုတ်ပြန်