ဆောင်းဦးလှိုင် ဖန်တီးထားတဲ့ “ဒို့ကမ္ဘာ” (Divas & me ) သီချင်းကိုတော့ ဆောင်းဦးလှိုင်ရဲ့ စီနီယာ၊ ဂျူနီယာ အမျိုးသမီး အဆိုတော် ၅ ယောက်က သီဆိုပေးဖို့ ရှိတယ်လို့ သိရပါတယ်။
“ဝါရင့်ထိပ်တန်း အမျိုးသမီး အဆိုတော် ၅ ယောက်အတွက် ကျနော် ရေးသား၊ တီးခတ်၊ အသံဖမ်း၊ ထုတ်လုပ်နေတဲ့ သီချင်းကို အားရ ကျေနပ်နေမိပါတယ်။ ကျနော့် တာဝန် Audio Production က မနက်ဖြန်ဆို ပြီးပါပြီ။ Video (ဒါမှမဟုတ်) MTV က ကျနော် တာဝန်ယူမထားတဲ့အတွက် အကြံဉာဏ်ပဲပေးခဲ့ပါတယ်” လို့ ဆောင်းဦးလှိုင်က ပြောထားပါတယ်။
ဆောင်းဦးလှိုင် သီချင်းကို သီဆိုပေးမယ့် အမျိုးသမီး အဆိုတော်တွေကတော့ မီမီဝင်းဖေ၊ တင်ဇာမော်၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ ကော်နီ တို့ပဲ ဖြစ်ပါတယ်။
ဒီ အဆိုတော် ၅ယောက်မှာတော့ တချို့မှာ စီနီယာတွေဖြစ်ပြီး တချို့မှာ ဆောင်းဦးလှိုင်နဲ့ သိပ်မကွာတဲ့ ဂျူနီယာများ ဖြစ်တာကြောင့် အသက်အရွယ် ကွာဟချက်လည်း သိပ်မရှိတာကြောင့် ဖန်တီးရတာစိတ်တိုင်းကျတဲ့ သီချင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“အဆိုတော် ၅ယောက်မှာ တချို့က စီနီယာ ၊ တချို့က သိပ်မကွာတဲ့ ဂျူနီယာတွေ အသက်အရွယ် ကွာဟချက် မရှိတဲ့အတွက် အလွန်စိတ်တိုင်းကျတဲ့ သီချင်းဖြစ်လာခဲ့ပါတယ်” လို့ ဆောင်းဦးလှိုင်က ဆိုထားပါတယ်။
ဒီလို သီချင်းကို ဖန်တီးခွင့်ရပြီး ဂီတကိုနားလည်၊ ချစ်ခင်လေးစားတဲ့ သီချင်းကောင်းကြိုက်တဲ့ ပရိသတ်တွေ နားဆင်နိုင်တော့မှာဖြစ်ကြောင်းကို ဆောင်းဦးလှိုင်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာက တဆင့်ပြောပြထားတာ ဖြစ်ပါတယ်။
“ကျနော်တို့ရဲ့ အရည်အချင်းကို တင်ပြခွင့် ပိုရခဲ့ပြီး ဂီတကို နားလည်တဲ့၊ တကယ်ချစ်တဲ့၊ တကယ်လေးစားတဲ့၊ သီချင်းကောင်းကြိုက်တဲ့ ပရိသတ်များ တန်ဖိုးထားနားဆင်ခံစားနိုင်ပါတော့မယ်လို့ ယုံကြည်စွာနဲ့ သတင်းကောင်းပါး လိုက်ပါတယ်” လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
ဒီသီချင်းကတော့ မကြာခင် ရက်ပိုင်းအတွင်းမှာ ထွက်ရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။