အရေးပေါ်ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ယနေ့ ဇွန်လ ၁ရက်နေ့က ဆေးရုံတင်ခဲ့ရတဲ့ လူရွှင်တော် မန်းဝင်းကတော့ ယနေ့ညပိုင်းမှာပဲ ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်တယ်လို့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက ဧရာဝတီကို ပြောပါတယ်။
“ဦးနှောက်မှာ သွေးနည်းနည်းယိုနေလို့ ဒီည ၉ နာရီမှာ ခွဲခန်းဝင်ရမယ်။ နေလို့ထိုင်လို့ မကောင်းတာတော့ ၂ ရက်၊ ၃ ရက်လောက် ရှိပြီ။ ခေါင်းကို တခုခု ဆောင့်ထားတာကတော့ လွန်ခဲ့တဲ့ ၁ လ ၂ လလောက်က ဖြစ်မယ်တဲ့။ အမှုမဲ့ အမှတ်မဲ့ပေါ့။ သွေးတိုးတာနဲ့တော့ မဆိုင်ဘူး။ သွေးကြောနည်းနည်းပေါက်ပြီးတော့ ယိုတာ”လို့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပင်လုံဆေးရုံမှာ တင်ထားရပြီး အခက်အခဲ ရှိပေမယ့် ကိုယ်တိုင်ပဲ ဖြေရှင်းကြရတယ်လို့ သူက ဆိုပါတယ်။
“ဆေးရုံက ပင်လုံမှာပါ။ အခုကတော့ ကိုယ့်ဘာသာကိုယ်ပဲ ကုနေရတာ။ အခက်အခဲကတော့ ကျန်းမာရေးဆိုတာတော့ ရှိတာပေါ့။ ကိုယ့်ဟာနဲ့ကိုယ်ပဲ ဖြေရှင်းရတာပေါ့” လို့ ကြည်ဖြူမန်းဝင်းက ပြောပါတယ်။
ယနေ့ ဇွန် ၁ ရက်နေ့ မနက်ပိုင်းမှာ “ရှင်သန်ခွင့်” ပရဟိတ လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ ဆေးရုံ တင်ထားရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လူရွှင်တော် မန်းဝင်း အခုလိုဖြစ်ရတာဟာ လွန်ခဲ့တဲ့ ၁ လ ၂ လခန့်က ဦးခေါင်းကို တခုခုနဲ့ ဆောင့်မိတာကြောင့် ဖြစ်ခဲ့တဲ့ဒဏ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းကလည်း သတိလစ်မေ့မြောကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားတခုလည်း ရှိခဲ့ပါသေးတယ်။
You may also like these stories:
ဟာသ သရုပ်ဆောင် မန်းဝင်း အရေးပေါ်လူနာအဖြစ် ဆေးရုံတင်ခဲ့ရ