ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်လို့ ပြောဆိုနေကြတဲ့အပေါ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ဇူလိုင်လမှာ ရုပ်ရှင်ရုံတွေ ဖွင့်မယ်ဆိုတာ မသေချာဘဲ ခန့်မှန်းပြီးပြောနေကြတာပါလို့ ဆိုပါတယ်။
“ဇူလိုင်လမှာ ရုပ်ရှင်ရုံတွေ ဖွင့်မယ်ဆိုတာ ခန့်မှန်းပြီးပြောနေကြတာပါ။ ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲလုပ်တာတော့ မရှိသေးဘူး။ ကျနော်တို့ ဆွေးနွေးပွဲလုပ်တာက ကားရိုက်တွေ တကယ်လို့ ရိုက်ချင်တဲ့သူတွေ လာရင် ဘယ်လိုစည်းကမ်းချက်တွေ ထုတ်မလဲဆိုတာမျိုးပဲ။ အဲ့ဒါကို ဆွေးနွေးခဲ့ကြတာပါ”
“ဇူလိုင်မှာ ပြန်ဖွင့်မယ်လို့ တရားဝင်ပြောထားတာတော့ မရှိသေးပါဘူး။ အခုသတင်းတွေ ကြားရပေမယ့် ဖွင့်တဲ့ အချိန်စည်းကမ်းတွေနဲ့လုပ်ဖို့က ရုံရှင်တွေနဲ့ပဲ ညှိရမှာပါ။ ရုံရှင်တွေ လုပ်မှရမှာပါ။ ကျနော်တို့ အစည်းအရုံးက အဖွဲ့ဝင်တွေချည်းပဲ ဆွေးနွေးလို့မရဘူး။ အဲ့ဒါကြောင့်လည်း အခုထိ မဆွေးနွေးဖြစ်သေးတာပေါ့။ ရုပ်ရှင်တွေ ကြော်ငြာတွေ ဇာတ်လမ်းတွဲတွေ ရိုက်ချင်တဲ့သူတွေက လာလာမေးနေကြလို့သာ ရိုက်ဖို့အတွက် စည်းကမ်းချက်တွေ ဆွေးနွေးတာပါ”လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ ကိုဗစ်ပြီးသွားရင် ရုပ်ရှင်ကြည့်တဲ့သူတွေ အနေနဲ့ လာကြည့်ပါ့မလားဆိုတာ စိုးရိမ်နေကြတယ်လို့ သူက ဆိုပါတယ်။
“ရုပ်ရှင်ထုတ်လုပ်သူတွေ အနေနဲ့ကျတော့ ကိုဗစ်ပြီးသွားရင် ရုပ်ရှင်ကြည့်တဲ့သူတွေ လာကြည့်ပါ့မလားဆိုပြီး စိုးရိမ်နေကြတယ်။ ရုံတွေ ဖွင့်ရင် ကြည့်ကြမယ်ဆိုတာမျိုးတွေကြားရလည်း အရမ်းဝမ်းသာပါတယ်။ နောက်တခု ပြသ ညှိနှိုင်းအစည်းအဝေးမှာ ကြိုတင်သဘောတူထားတဲ့အတိုင်းပဲ ရပ်တန့်သွားတဲ့ ဇာတ်ကားတွေ ရှိတယ်။ အဲ့ဇာတ်ကားစဉ်အတိုင်းပဲ ဆက်ပြခွင့် ရမှာပေါ့”
“ ကမ္ဘာကျော်ရွာ” ဆိုတဲ့ ကားရပ်သွားတာဖြစ်တဲ့အတွက် ရုံပြန်ဖွင့်ရင် အဲ့ကားနဲ့ ပြန်ဖွင့်ရမယ်။ JCGVမှာလည်း ရပ်သွားတဲ့ကားနဲ့ မင်္ဂလာအုပ်စုမှာ ရပ်သွားတဲ့ကား၊ အဲ့ကားတွေ ပြန်တင်မှာပေါ့။ ဥပမာ-စိုင်းစိုင်းရဲ့ “ပိတောက်ကတဲ့ ဂီတ” အဲ့ကားဆိုရင်လည်း ဒုတိယပတ် ကျန်သေးတယ်။ သူလည်း ဆက်ပြရမှာပေါ့။ သူတို့ကရုံတွေ ဖွင့်လို့သာ ပြန်ပြရမှာ ပရိသတ် စိတ်ဝင်စားပါ့မလား စိုးရိမ်နေကြတယ်။ ရောဂါတွေ ပြီးလို့ ကြည့်မယ်လူရှိရင်တော့ ဝမ်းသာတာပေါ့”လို့ ဦးညီညီထွန်းလွင်က ဆိုပါတယ်။
ကျန်းမာရေးကြောင့် ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့တဲ့ ဒါရိုက်တာ ညီညီထွန်းလွင်ကတော့ အခုလက်ရှိမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတယောက်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
You may also like these stories:
အမျိုးသမီး တေးသံရှင် ၅ ယောက် သီဆိုမယ့် ဆောင်းဦးလှိုင်ရဲ့ “ဒို့ကမ္ဘာ” သီချင်း
ကိုဗစ်ကာလမှာ ယူနန်ဟော့ပေါ့ လုပ်ရောင်းနေတဲ့ မင်းမြတ်စိုးစံ
“မြန်မာဓလေ့နဲ့ မကိုက်လို့ သီချင်းမှာ မထည့်ခဲ့တာတွေ ရှိတယ်”