JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “The World of the Married” ဒရာမာထဲမှာ ယောဒါဂျောင်းအဖြစ် သရုပ်ဆောင်ခဲ့သူ မင်းသမီး Han So-hee ဟာ အဲ့ဒီဒရာမာကို ပြသနေချိန်မှာပဲ နာမည်တရှိန်ထိုး ကြီးလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြုလုပ်ခဲ့တဲ့ ဆိုးလ်မြို့က မီဒီယာအင်တာဗျူး တခုမှာ အသက် ၂၅ နှစ်အရွယ် မင်းသမီး Han က “တကယ့်ကိုပဲ အံ့သြလောက်စရာပါပဲ။ ကျမ ဘဝက ပြောင်းလဲခဲ့ပါတယ်။ ကျမ ဘဝက ပြောင်းလဲသွားလို့ ကျမ ပျော်ရွှင်မိတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘဝက တော်တော်လေး ပြောင်းလဲသွားတယ်လို့ပဲ ပြောချင်တာပါ”
“ဒါဟာ ကျမ မရဖူးသေးတဲ့ အရာတခုပါ။ အားလုံးရဲ့ အာရုံစိုက်မှုကိုခံရလို့ ကျေးဇူးတင်ပါတယ်။ ဒီမျှော်လင့်မှုတွေကို ကျမ ဖြည့်ဆည်းပေးရတော့မယ် ဆိုတာကို သိပါတယ်။ အဲ့ဒါက ကျမအတွက် ဝန်ထုပ်ဝန်ပိုးတခုလို ဖြစ်လာခဲ့ပါပြီ” လို့ ဆိုပါတယ်။
BBC ရဲ့ “Doctor Foster” ရုပ်သံစီးရီးကို ကိုရီးယားဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ အဲ့ဒီစီးရီးမှာတော့ အိမ်ထောင်ရှင် စုံတွဲကြားက သစ္စာဖောက်မှုအကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဝါရင့်မင်းသမီး Kim Hee-ae နဲ့ မင်းသား Park Hae-jun တို့က အိမ်ထောင်ရှင်စုံတွဲအဖြစ် သရုပ်ဆောင်ထားပြီး မင်းသား Park ရဲ့ ဇာတ်ကောင်နဲ့ ဖောက်ပြန်ခဲ့သူ အမျိုးသမီး ဒါဂျောင်းအဖြစ်မင်းသမီး Han က ပါဝင်ထားပါတယ်။
မေလ ၁၆ ရက်နေ့မှာ အဆုံးသတ်ခဲ့ပြီး အပိုင်း ၁၆ ပိုင်းရှိတဲ့ အဲ့ဒီဒရာမာဟာ လူကြည့်နှုန်း ၂၈ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ စံချိန်တင်ခဲ့ပါသေးတယ်။
အခုလိုမျိုး နာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူ အလုပ်လုပ်ရတဲ့အခါ ပထမဆုံးတော့ ရှိန်တာမျိုးဖြစ်ခဲ့ပေမယ့် အဓိက ဇာတ်ဆောင် မင်းသားနဲ့ မင်းသမီးက သူ့ကို ရိုက်ကွင်းတလျှောက်လုံးမှာ ကူညီပေးခဲ့ကြတယ်လို့ မင်းသမီး Han က ဆိုပါတယ်။ မင်းသား Park နဲ့ ချစ်ခန်းကြိုက်ခန်း ရိုက်ရတဲ့အခါ ထုတ်လုပ်သူတွေနဲ့ မင်းသားရဲ့ သင်ကြားပြသပေးမှုကြောင့် အခက်အခဲ သိပ်မရှိခဲ့ဘူးလို့ ပြောပါတယ်။
မင်းသမီးက “ကျမတို့ ဇာတ်ဝင်ခန်းတခုကို အကြိမ်ရေ တော်တော်များများ လေ့ကျင့်ကြတယ်။ ထုတ်လုပ်သူ Mo က နှစ်ဦးသား အချစ်ရေးကို ညစ်ညမ်းတာမျိုး မဖြစ်စေဘဲ တကယ်ချစ်ကြသလို လှပစေချင်တယ်။ ကျမက အရမ်းရှက်လွန်းလို့ သေမတတ်ခံစားရတယ်။ ဒါပေမဲ့ မင်းသား Park က အက်ရှင်ဇာတ်ဝင်ခန်း ရိုက်နေတယ်လို့ နှလုံးသွင်းဖို့ ကျမကို ပြောတယ်” လို့ ဆိုပါတယ်။
မင်းသမီးဟာ အငြင်းပွားဖွယ် ဇာတ်ရုပ်နေရာမှာ ပါဝင်ခဲ့ရသူဖြစ်ပြီး ဒီဒရာမာကို ကြည့်ရှုခဲ့ကြတဲ့ ပရိသတ်အချို့ကတော့ မင်းသမီးရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် သူ့အပေါ် မလိုမုန်းထားစိတ်တွေ ဖြစ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
မင်းသမီး Han ဟာ ၂၀၁၇ ခုနှစ်မှာ “Reunited Worlds” ဒရာမာနဲ့ ပွဲဦးထွက်ခဲ့သူဖြစ်ပြီး မကြာမီကျင်းပမယ့် ၅၆ ကြိမ်မြောက် Baeksang အနုပညာဆုပေးပွဲမှာလည်း အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင် မင်းသမီးအဖြစ် ဆန်ခါတင်စာရင်းမှာ လျာထားခံထားရပါတယ်။
အဲ့ဒီစီးရီးထဲက မင်းသမီး Kim Hee-ae က အကောင်းဆုံး မင်းသမီးဆု၊ ထုတ်လုပ်သူ Mo က အကောင်းဆုံး ထုတ်လုပ်သူဆု၊ မင်းသား Kim Young Min က အကောင်းဆုံး ဇာတ်ပို့မင်းသားဆုတွေအတွက်လည်း လျာထားခံထားရပါတယ်။
Ref: thejakartapost
You may also like these stories:
“ဇူလိုင်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်ဆိုတာ ခန့်မှန်းပြောဆိုနေကြတာပါ”
ဆန္ဒပြသူတွေနဲ့အတူ တသားတည်း ရပ်တည်လိုက်တဲ့ မင်းသား Jamie Foxx
ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်ရမယ့် လူရွှင်တော် မန်းဝင်း