လက်ရှိ MRTV-4 မှာပြသနေတဲ့ “အချစ်ဖွဲ့လေညင်း”ဇာတ်လမ်းတွဲမှာ ဗီလိန် ကာရိုက်တာနဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် မိုက်မိုက်က ဗီလိန်ကာရိုက်တာ ဖြစ်နေပေမယ့် အနုပညာကို ချစ်ပြီး အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
“ဘာပဲပြောပြော ကိုယ်ဖန်တီးထားတဲ့ အနုပညာတခုကို ပရိသတ်က လက်ခံတယ်ဆိုတော့ ဝမ်းသာပါတယ်။ ပြီးတော့ ဗီလိန်ကာရိုက်တာ ဖြစ်နေတာတောင်မှ အနုပညာကို အနုပညာလို ချစ်ပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ မိုက်မိုက်က ပြောပါတယ်။
ဒီကားထဲမှာတော့ အဖြည်မရှိတဲ့ ဗီလိန်ပုံစံမျိုးကို သရုပ်ဆောင်ရတာဖြစ်ပြီး ဇာတ်ဝင်ခန်းတခုမှာလည်း ခင်သဇင် ပါးရိုက်တဲ့ အခန်းမှာ တကယ့်အစစ်ကို လိုချင်တာကြောင့် တကယ်ပါးရိုက်ခံတဲ့အကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။
“ပါးရိုက်လိုက်တဲ့ အခန်းဆိုရင် ကျနော်ကိုယ်တိုင် အစ်မ ကျနော့်ကို ရိုက်ပေးပါဦးလို့ ပြောရတာ။ ပါးရိုက်လိုက်တာ မထိရင် ကျနော် ဒီဘက်က အခံရုပ်က မသိတဲ့စိတ်က ရိုက်လိုက်တာ မဟုတ်မှန်း သိနေရင် ခံရတဲ့အိုက်တင်က အစစ်လေးလိုချင်လို့ တော်တော်တော့ အီသွားတယ်။ ဒါကြောင့်လည်း ပရိသတ်လည်း သတိထားမိတဲ့ အခန်းလည်း ဖြစ်သွားပါတယ်။ လုပ်ရတာတန်တယ်လို့ ပြောရမှာပေါ့” လို့ မိုက်မိုက်က ဧရာဝတီကို ပြောပါတယ်။
ခင်သဇင်နဲ့အရင်က ကားရိုက် မဆုံဖူးခဲ့ပေမယ့် ဒီဇာတ်လမ်းတွဲထဲမှာတော့ ၂ ယောက် တွဲဖက်ကာသရုပ်ဆောင်ရတာ ကာရိုက်တာများက Close ဖြစ်ရတာကြောင့် ညှိနှိုင်းပြီးလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
“အစ်မနဲ့က အရင်ကားတွေ မဆုံဖူးဘူး။ လူချင်းပဲ သိတယ်။ ဒီကားကျမှ စဆုံဖူးတာဆိုတော့ ရိုက်ရတာအဆင်ပြေပါတယ်။ ရိုက်ကွင်းပေါ်မှာက Close ဖြစ်တာတွေ ရိုက်ရတာဆိုတော့ ကျနော်တို့ ၂ယောက်က ညှိယူရတာတွေ ရှိတာပေါ့။ သူကလည်း သူဖြစ်ချင်တာကို ပြောတယ်။ ကျနော်ကလည်း ကျနော်လိုချင်တဲ့ပုံစံကို ပြောပြတယ်။ သူ့ကို ခွင့်တောင်းတယ်။ အဲ့လိုမျိုးကျတော့ ဇာတ်ကောင်အတွက် ပိုကြွသွားစေတာပေါ့” လို့ ပြောပါတယ်။
“ကျနော်တို့က သဏ္ဍာန်လုပ် သရုပ်တူအောင် လုပ်ရတာဆိုတော့ ပရိသတ်ကြည့်တဲ့အခါမှာလည်း တကယ့်ဘဝမှာ ဖြစ်နေသလိုမျိုး ရသမျိုးပေးနိုင်အောင် ကျနော်တို့က သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် တချို့အခန်းတွေမှာဆို သရုပ်ဆောင်ရတာထက်ပိုတဲ့ သဘာဝကျတဲ့အရာတွေ လိုချင်လို့ သဘာဝကျကျလုပ်ရတာတွေရှိတယ်” လို့ မိုက်မိုက်က ပြောပါတယ်။
ဒီလိုမျိုး ပါးရိုက်ခံရတဲ့ အခန်းတွေ ရိုက်ခဲ့ဖူးပေမယ့် “အချစ်ဖွဲ့လေညင်း” ထဲမှာတော့ အစစ်ဖြစ်သွားခဲ့ပြီး တခြားအိုက်တင်တွေကိုလည်း အစစ်ဖြစ်အောင် ဖန်တီးရတာကို ကြိုက်တယ်လို့ ဆိုပါတယ်။
“ပါးရိုက်ခံရတာက အရှေ့မှာလည်းရှိတယ်။ ဒါပေမဲ့ ဒီကားမှာက အစစ်ဖြစ်သွားတာပေါ့။ တခြားကားတွေမှာလည်း ဒီလိုပါးရိုက်တာ မဟုတ်ဘဲနဲ့ တခြားအိုက်တင်တွေကို တကယ်လိုချင်လို့ တကယ်နာအောင်လုပ်ရတာ ကျနော့်အကျင့်ပေါ့။ ကျနော်က အစစ်လိုချင်တာ ဖြစ်တဲ့အတွက် အစစ် မဟုတ်ရင်တောင် အစစ်နဲ့ ထပ်တူညီမှ ရအောင် ဖန်တီးယူရတာဆိုတော့ နည်းနည်းတော့ ပင်ပန်းတယ်” လို့ မိုက်မိုက်က ပြောပါတယ်။
ဗီလိန် ကာရိုက်တာတွေနဲ့ အတွေ့များတဲ့ မိုက်မိုက်ကတော့ အပြင်မှာ အေးအေးဆေးဆေးနဲ့ ချစ်ဖို့ကောင်းတယ်လို့လည်း ပြောပြခဲ့ပါတယ်။
“တချို့တွေကတော့ သနားကြပါတယ်။ ဇာတ်ကောင် ဟန်စစ်သွေးကို မုန်းနေတဲ့သူတွေကတော့ နည်းတောင် နည်းသေးတယ်ပေါ့။ မျိုးစုံပါပဲ ပြောတာတွေက။ အပြင်က မိုက်မိုက်က အေးဆေးပါပဲ။ ချစ်ဖို့ကောင်းတယ်လေ” လို့ မိုက်မိုက်က ပြောပါတယ်။
“အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲထဲမှာတော့ မိုက်မိုက်က ဟန်စစ်သွေးဆိုတဲ့ ကာရိုက်တာနဲ့သရုပ်ဆောင်ထားပြီး အခုဆိုရင် ဇာတ်လမ်းတွဲ ၁၁ ခု ရိုက်ကူးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
“The World of the Married” နဲ့ ဘဝပြောင်းလဲလာတဲ့ Han So-hee
အနုပညာအလုပ် မရှိချိန် ဖိနပ် ရောင်းနေတဲ့ စည်သူ(ပလပ်ကျွတ်)
“ဇူလိုင်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်ဆိုတာ ခန့်မှန်းပြောဆိုနေကြတာပါ”