အွန်လိုင်းပေါ်မှာ ဟင်းချက်နည်း ဗီဒီယိုဖိုင် အတိုလေးတွေကြောင့် လူအများရဲ့ ချစ်ခင်မှုကို ရရှိနေတဲ့ Little Chef မိုးမြင့်မေသူကတော့ ကျောင်းတွေ ပြန်ဖွင့်ရင် ဟင်းချက်ဖြစ်မှာ မဟုတ်ဘူးလို့ မိခင်ဖြစ်သူ Mrs. Universe ဟန်နီချိုက ဧရာဝတီကို ပြောပါတယ်။
“ကျောင်းပြန်ဖွင့်ရင်တော့ ချက်ဖြစ်မှာ မဟုတ်ဘူး။ ကလေးဆိုတော့ ကျောင်းစာတွေ ရှိတယ်။ ဘာသာစုံပေါ့။ ဥပမာ မြန်မာစာ၊ တရုတ်စာ၊ ကျူရှင်တွေ ရှိတယ်။ ပြီးတော့ သင်္ချာကျူရှင်တွေ ရှိတယ်။ ပြီးတော့ အားကစားပေါ့။ ကလေးဆိုပေမယ့်လည်း သူ့ဖိအားနဲ့သူ ရှိတာဖြစ်တဲ့အတွက်ကြောင့် ကျောင်းဖွင့်ရင်ချက်ဖြစ်တော့မှာ မဟုတ်ပါဘူး” လို့ မိခင်ဖြစ်သူ ဟန်နီချိုက ပြောပါတယ်။
ယခုနှစ် ကျောင်းပြန်ဖွင့်လှစ်ပါက Little Chef မိုးမြင့်မေသူက Grade 3 တက်ရမှာဖြစ်ပြီး အသက် ၈ နှစ်အရွယ်သာ ရှိသေးတယ်လို့ သိရပါတယ်။
အိမ်မှာ မိသားစုဝင်တွေနဲ့အတူ မုန့်လုပ်စားရင်း ဖခင်ဖြစ်သူနဲ့ ချက်ပြုတ် ပြင်ဆင်နေတဲ့အချိန် အမှတ်တရအနေနဲ့ ရိုက်ပေးထားတဲ့ ဗီဒီယိုဖိုင်များကို Tiktok ဗီဒီယိုဖိုင် အတိုလေးတွေ တင်ရာမှ တဆင့် ပြန်လည်မျှဝေသူ များပြားလာပြီး နောက်ပိုင်းမှာ လူသိများလာတာပဲ ဖြစ်ပါတယ်။
“ဟန်နီတို့ မိသားစုတွေ အိမ်မှာ မုန့်လုပ်စားကြတယ်။ မုန့်လက်ကောက် လုပ်တာတို့၊ မုန့်လုံးရေပေါ် လုပ်တာတို့ ဟင်းချက်တယ်ဆိုရင်လည်း သူ့ကို ဆား၊ အချိုမှုန့် ထည့်ခိုင်းတာတို့၊ အရောင်တင်မှုန့် ထည့်ခိုင်းတာတို့ အဲ့လိုမျိုးလေးတွေ ကျမတို့မိသားစုတွေ လုပ်စားရင်းနဲ့ သူနဲ့သူ့အဖေ ဟင်းချက်တာကို အမှတ်တရအနေနဲ့ ရိုက်ထားတာ။ ပြီးတော့ အရမ်းကြီး ဟဲဗီးမဖြစ်တဲ့ ဟင်းတွေကို လက်ဆင့်ကမ်းပြီးသင်ခိုင်းတာပေါ့” လို့ ပြောပါတယ်။
ဆက်လက်ပြီး “သူကမီးဖိုချောင်မှာ ဘာလုပ်လုပ်ကြိုက်တာ ဒီမီးဖိုချောင်ရဲ့ ချင်းခြစ်တာလည်း ကိုယ်တိုင်ခြစ်ချင်တာ၊ ကြက်သွန်ဖြူ ခွှာတာလည်း သူကိုယ်တိုင်ခွှာချင်တာ၊ ဟင်းမွှေတာလည်းသူကိုယ်တိုင်လုပ်တယ်။ သူပျော်လာတာ မီးဖိုချောင်ထဲမှာ ပျော်လာရင်းနဲ့မှ Little Chef ဆိုပြီး Tiktok လေးတွေမှာ ၁ မိနစ် ဗီဒီယိုလေးတွေ တင်ပေးတာ။ တင်ပေးတော့ ကလေးတယောက်အနေနဲ့ မီးဖိုချောင်နဲ့ မအပ်စပ်ဘူးလေ။ ချစ်စရာကောင်းတယ်ဆိုပြီး သူ့ကို ချစ်ပေးကြတာ” လို့ ပြောပါတယ်။
အခုဆိုရင်တော့ Little Chef ချက်ပြုတ်တဲ့ဟင်းလျာ ၁၀ မျိုးရှိပြီဖြစ်ပြီး သူချက်ပြုတ်တဲ့ ဟင်းလျာများကို ပြန်လည် ရောင်းချနေတာဟာလည်း ယုံကြည်မှု တိုးတက်စေရန်အတွက် ရည်ရွယ်ကာ ပြန်လည် ရောင်းချပေးတာဖြစ်တယ်လို့ သိရပါတယ်။
“အခုဆိုရင် သမီးချက်တာ ဟင်း ၁၀ မျိုး ရှိပါပြီ။ သူကတော့ ဒီ ၁၀ မျိုးလုံး ချက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သွားနေတာ မဟုတ်ဘူး။ စစချင်း ကျမတို့ မိသားစုစားဖို့ ချက်တာ။ ချက်ရင်းနဲ့ ကောမန့်တွေအောက်မှာ သမီးလေးလက်ရာကို စားချင်လိုက်တာလို့ ပြောတယ်။ အဲဒါ သမီးလေးကို ဖတ်ပြတယ်။ သူက ပိုက်ဆံရှာမယ်ပေါ့”
“သူပိုက်ဆံရှာတယ် ဆိုတဲ့ဟာကို လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့် သမီးချက်ပြီး ရောင်းချင်တယ်တဲ့။ အဲဒါ သူတောင်းဆိုတာနော်။ သူရောင်းမယ် ပြောတာကို ပို့စ်တင်ပေးလိုက်တာ။ မှာတဲ့သူကလည်း မှာတယ်။ ချက်တဲ့သူကလည်း ချက်တယ်” လို့ ဟန်နီချိုက ပြောပါတယ်။
ဒီလိုဝါသနာပါတဲ့အလုပ်ကို လုပ်ခြင်းအားဖြင့် ကလေးတွေအတွက် Youtube ကြည့်တဲ့အချိန်လျော့သွားတာကြောင့် ပံ့ပိုးပေးတာဖြစ်တယ်လို့ သိရပါတယ်။
“ရေရှည်တော့သွားမှာ မဟုတ်ပါဘူး။ သမီးကိုယ်တိုင်လည်း ယုံကြည်မှုတွေ တိုးတက်လာအောင် နံပါတ် (၁) ကိုယ်တိုင် ဟင်းချက်တယ်။ ကလေးဆိုတာက Youtube တို့ ဂိမ်းတို့နဲ့ ပျော်မွေ့နေတဲ့ ကလေး တော်တော်များပါတယ်။ မီးဖိုချောင် ဝင်လာမယ့် ကလေးက တကယ့်ကို ရှားတယ်။ ဒီလို မီးဖိုချောင်မှာ အချိန်ဖြုန်းလိုက်ခြင်းအားဖြင့် Youtube အသုံးပြုတဲ့ အချိန်နည်းသွားမယ်။ အဲဒါကြောင့် သူလုပ်ချင်တဲ့ဟာတွေကိုလုပ်၊ ဝါသနာပါရင်လုပ် ကျမက ပံ့ပိုးပေးတာ” လို့ ဟန်နီချိုက ပြောပါတယ်။

သမီးဖြစ်သူမှာ ဝါသနာပါရာ ဟင်းချက်နေတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Mask ပြိုင်ပွဲမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။
You may also like these stories:
“ဇူလိုင်မှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ်ဆိုတာ ခန့်မှန်းပြောဆိုနေကြတာပါ”
“The World of the Married” နဲ့ ဘဝပြောင်းလဲလာတဲ့ Han So-hee
ဗီလိန် ကာရိုက်တာနဲ့ ပရိသတ် အားပေးခံရတဲ့ မိုက်မိုက်