Entertainment

BlackOut Tuesday မှာ အနုပညာရှင်နဲ့ မီဒီယာတွေ ပူးပေါင်း ဆန္ဒဖော်ထုတ်

Apple Music နဲ့ Spotify တို့အပါအဝင် ဂီတ Streaming ကုမ္ပဏီတွေ၊ နာမည်ကြီး ရုပ်သံကုမ္ပဏီတွေနဲ့ နာမည် ကျော်ကြားသူတွေဟာ George Floyd သတ်ဖြတ်ခံရမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေနဲ့ တသားတည်း ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ သူတို့ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိတ်ချတာ၊ အပြောင်းအလဲလုပ်တာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ViacomCBS မီဒီယာကုမ္ပဏီကြီးက မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကို တုံ့ပြန်ဖို့နဲ့ စီးပွားရေးလုပ်ငန်း ထူထောင်ဖို့ကနေ လူ့အသိုက်အဝန်းထူထောင်ဖို့ အပြောင်းအလဲ တရပ်အနေနဲ့ BlackOut Tuesday အစီအစဉ်အဖြစ် ရပ်ဆိုင်းမှုလုပ်ဆောင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

CBS News, MTV နဲ့ Comedy Central တို့အပါအဝင် သူတို့ကုမ္ပဏီပိုင်ဆိုင်တဲ့ ရုပ်သံလိုင်းတွေမှာ အမေရိကန် နိုင်ငံတဝန်း ဆန္ဒပြမှုတွေဖြစ်စေခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ရပ်ကို ရှုတ်ချတဲ့အနေနဲ့ “I can’t breathe” (ငါ အသက်ရှူလို့မရဘူး) ဆိုတဲ့ စကားကို ၈ မိနစ်နဲ့ ၄၆ စက္ကန့်ကြာ ထုတ်လွှင့်ခဲ့ကြပါတယ်။ အသက် ၄၆ နှစ်အရွယ် Floyd ကို သေဆုံးစေခဲ့မှုအတွက် Minneapolis မြို့က ရဲအရာရှိတဦးကို လူသေစေမှု၊ လူသတ်မှုတို့နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ဖမ်းဆီးထားပါတယ်။

Rihanna, Katy Perry, Britney Spears နဲ့ Kylie Jenner တို့အပါအဝင် နာမည်ကျော်တွေဟာလည်း Floyd သေဆုံးမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ဆိုရှယ်မီဒီယာတွေ အားလုံးကို အမှောင်ချထားခဲ့ပါတယ်။

LeBron James နဲ့ Steph Curry တို့လို NBA စတားတွေဟာလည်း သူတို့ရဲ့ Instagram စာမျက်နှာတွေမှာ အနက်ရောင် ဗလာနတ္ထိ ဓာတ်ပုံံတွေကို တင်ခဲ့ကြပါတယ်။ NBA လိဂ်တရားဝင် စာမျက်နှာမှာလည်း အတူပူးပေါင်း ပါဝင်ကြောင်း စာသားနဲ့အတူ အလားတူ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။

Streaming ကုမ္ပဏီကြီးဖြစ်တဲ့ Spotify Technology ကတော့ ဇွန်လ ၂ ရက်နေ့ကစလို့ သူတို့ရဲ့ podcasts နဲ့ သီချင်းစုစည်းမှုတွေထဲမှာ ၈ မိနစ်နဲ့ ၄၆ စက္ကန့်ကြာမြင့်တဲ့ အသံတိတ်အစီအစဉ်ကိုထည့်သွင်းခဲ့ပြီး ဆိုရှယ်မီဒီယာ တွေပေါ်မှာ ကြော်ငြာတင်နေမှုကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

Apple Music ကတော့ လူမည်း အနုပညာရှင်တွေ၊ ဖန်တီးသူတွေနဲ့ အသိုင်းအဝန်းတွေကို ထောက်ခံဖို့ အစီအစဉ်တွေလုပ်ဆောင်ရေး အချိန် တရက်ယူမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဇင်နဲ့ချီတဲ့ အနုပညာရှင်တွေနဲ့ အားကစားအကျော်အမော်တွေကလည်း Floyd ရဲ့ သေဆုံးမှု၊ အမေရိကန်မြို့ တွေအထိပျံ့နှံ့စေခဲ့တဲ့ ဆန္ဒပြမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ လူမျိုးရေးခွဲခြားမှုတွေအကြောင်း ပြောဆိုခဲ့ကြပါတယ်။

နာမည်ကျော်အသံသွင်းကုမ္ပဏီတွေကလည်း လူမျိုးရေး တန်းတူညီမျှမှု မရှိတာကို တိုက်ဖျက်ဖို့ လူမှုအသိုင်းအဝန်းတွေနဲ့ အလုပ်လုပ်တာ၊ စီးပွားရေးလုပ်ကိုင်တာကို ရပ်ဆိုင်းပြီး ဇွန်လ ၂ ရက်ကို ဂုဏ်ပြုမယ်လို့ ဆိုပါတယ်။

အဆိုတော် Rihanna က “ကျမတို့ပြည်သူတွေ အသတ်ခံရတာ၊ သေဒဏ်ပေးခံရတာတွေကို တနေ့ထက် တနေ့ ကြည့်နေရတာဟာ ကျမနှလုံးသားထဲမှာ လေးလံမှုတွေကို တိုးစေပါတယ်” လို့ Instagram မှာ တင်ခဲ့ပါတယ်။

Ref:Reuters

You may also like these stories:

“ကျောင်းပြန်ဖွင့်ရင် Little Chef လေး ဟင်းချက်တော့မှာ မဟုတ်ဘူး”

မိုးရာသီမှာ သီချင်းသစ် ထွက်မယ့် ရွှေမှုံရတီ

Loading