COVID-19 ကြောင့် အလုပ်တွေ မလုပ်ရချိန်မှာ Gym ကစားဖြစ်တယ်ဆိုတဲ့ အဆိုတော် မီးနိုက သူကြိုက်တဲ့ မင်းသမီး သင်ဇာဝင့်ကျော်နဲ့ အတူတူ ကစားဖြစ်နေတယ်လို့ ဆိုပါတယ်။
“ကိုဗစ် ကာလမှာတော့ သီချင်းလေးတွေ လုပ်ဖြစ်တယ်။ Music Video လည်း ရိုက်ဖို့လုပ်နေတာတွေ ရှိတယ်။ အခု လောလောဆယ်တော့ ပိုလှအောင် Gym ဆော့ဖြစ်နေတယ်။ မီးနိုက အရင်က Balance မှာ ကစားနေကျ။ နောက်ပိုင်း ကိုဗစ်ကြောင့်ရော တတိယအခွေလေးရော လုပ်နေတော့ Gym ကို မသွားဖြစ်တော့ဘူး”
“မသွားဖြစ်တော့ Membership က ကုန်သွားတယ်။ ကုန်သွားတော့ အခုလိုချိန် ဝင်ငွေလည်းနည်းနေတော့ Gym လည်း ကစားချင်တယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ မသိဘူး။ Discount တွေဘာတွေ ပေးရင် ကောင်းမယ်ဆိုပြီး မသင်ဇာဝင့်ကျော်ကို ပြောတော့ မသင်ဇာက ပြောပေးတာ။ အဲ့ဒါနဲ့ Balance မှာ ထပ်ကစားဖြစ်တယ်”လို့ မီးနိုက ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်က မီးနိုရဲ့ Idol ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“မသင်ဇာက မီးနိုရဲ့ Idol လည်း ဖြစ်တယ်။ မီးနိုကြိုက်တဲ့ မင်းသမီးဖြစ်တော့ သူ့ကိုတွေ့တာနဲ့ အရမ်းချစ်တယ်။ လေးလည်း လေးစားတယ်။ မီးနိုသီချင်းထဲမှာ အနှောင်အဖွဲ့ သီချင်းလေးကို သူကြိုက်တယ်လို့ ပြောတယ်။ တတိယအယ်လ်ဘမ် ကိုယ်တိုင်ထုတ်ဖို့ဆိုတာ ခက်ခဲနေတော့ မသင်ဇာကလည်း သူသိတဲ့ သိတွေနဲ့ ဆက်သွယ် ကူညီပေးမယ်လို့ ပြောတယ်”လို့ မီးနိုက ပြောပါတယ်။
သင်ဇာဝင့်ကျော်အပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ အမျိုးမျိုး ရှိပေမယ့် မီးနိုကတော့ ကိုယ်တိုင် ပေါင်းကြည့်မှ သူ့အကြောင်း သေချာသိရမယ်လို့ ဆိုပါတယ်။
“မသင်ဇာကို လက်တွေ့ပေါင်းကြည့်မှပဲ လူတယောက်အကြောင်း သိတာလေ။ အမြင်နဲ့ပဲ ဝေဖန်ကြတယ်။ အမြင်နဲ့ပဲ ဆုံးဖြတ်ကြတဲ့သူတွေကများတော့ မီးနိုကိုယ်တိုင် မသင်ဇာနဲ့ ပေါင်းကြည့်တော့ သူက တကယ်ကို သေသေသပ်သပ်နဲ့ အနေအထိုင် ပိရိတဲ့ မင်းသမီး တလက်ထဲမှာ ပါတယ်။ သူက ဆုံးဖြတ်ချက် ပြတ်သားတဲ့ထဲမှာလည်း ပါတယ်”
“သူက လူတိုင်းကို နွေးနွေးထွေးထွေး ဆက်ဆံတယ်။ ပေါင်းသင်းလာတဲ့ တောက်လျှောက် ကြုံတွေ့ခဲ့ရတာတွေကို မီးနိုကို သွန်သင်ဆုံးမတယ်။ မကောင်းတာနဲ့ ကောင်းတာကို လမ်းပြပေးတယ်။ တကယ်လည်း စိတ်ထားကောင်းတယ်။ မသင်ဇာကို သဘောကျတဲ့ အချက်လေးဆို သူက နွေးထွေးတတ်တာ၊ တခုခုဆိုရင် တယောက်တည်း မလုပ်ဘူး။ ဘေးကတယောက်ကို လက်တွဲခေါ်ချင်စိတ် ရှိတယ်”
“မသင်ဇာက မာနကြီးတာလည်း မရှိဘူး။ အဲ့ဒါလေးတော့ သဘောကျတယ်။ မီးနိုကို ဆုံးမချင်တာပြောချင်တာရှိရင်လည်း သူငယ်ချင်းတယောက်လို မဟုတ်ဘဲ ညီမလေးတယောက်လို ဆုံးမပါလို့ ပြောထားတယ်။ ညီမလေးတယောက်လိုပဲ သဘောထားတယ်”လို့ မီးနိုက ပြောပါတယ်။
မီးနိုကတော့ Melody World သီချင်းဆိုပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး Galaxy Star ပြိုင်ပွဲလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ မီးနိုရဲ့ “အနှောင်အဖွဲ့” သီချင်းက သူ့ရဲ့ တကယ့် ခံစားချက်အစစ်ကို ရေးထားတာဖြစ်ပြီး ပရိသတ် အားပေးမှုတွေလည်း ရရှိခဲ့ပါတယ်။
You may also like these stories:
ကမ္ဘာ့အကျန်းမာဆုံးလူတွေဟာ Gym သွားလေ့ မရှိကြကြောင်း လေ့လာတွေ့ရှိ
အိမ်မပြန်ဖြစ်ဘဲ ပရဟိတတွေ လုပ်ကိုင်နေတဲ့ ထွန်းကိုကို