လင်မယားချင်း စကားများပြီး ရေနွေးပူနဲ့ လောင်းခံခဲ့ရတဲ့ လူရွှင်တော် တော့ပ်
လူရွှင်တော် တော့ပ်က ဇနီးဖြစ်သူနဲ့ လင်မယားချင်း စကားများရာကနေ အိပ်ပျော်နေစဉ်မှာ ဇနီးဖြစ်သူက သူ့အား ရေနွေးပူနဲ့ လောင်းချခဲ့ပြီး ရေနွေးပူလောင်ထားတဲ့ ဒဏ်ရာများကြောင့် တော့ပ်ဟာ ဆေးရုံမှာ တက်ရောက်ကာ ဆေးကုသမှု ခံယူနေရပါတယ်။
“ကျနော်တို့ ဆေးရုံတက်နေတာ ၁၁ ရက် ရှိပြီ။ ဆေးရုံဆင်းရဖို့ကတော့ အနာတွေက မသက်သာသေးတော့ ဆင်းရမယ် မပြောသေးဘူး။ ကျောတွေမှာရောဆိုတော့ အနာတွေက မခြောက်သေးဘူး။ အခုတော့ သက်သာပါတယ်။ ဆရာဝန်တွေကလည်း ဂရုစိုက်ပါတယ်။ ဆေးရင်တော့ ဆင်းရမှာပါ။ ကျနော်အခုလို ဖြစ်ချိန်မှာ ကူညီပေးကြတာလည်း ကျေးဇူးတင်ပါတယ်”
“ကိုဗစ် မတိုင်ခင်ထိ ပွဲက ကရတယ်။ ကိုဗစ်တွေ ဖြစ်တော့ ပွဲတွေ မကရတော့ စကားလေး နည်းနည်း များကြတယ်။ စကား နည်းနည်းလည်း အမှားပါသွားတယ်။ ည ၁၂ နာရီလောက် ရေနွေး ဆန် ၆ လုံးအိုးနဲ့ တည်ပြီးတော့ အိပ်ပျော်နေချိန် လောင်းချလိုက်တာပဲ။ ၂ ခါ လောင်းခံလိုက်ရတယ်။ အရင်တုန်းက စကားကတော့ မကြာမကြာ များတယ်။ ဒီတခါဖြစ်တာကတော့ တော်တော်ဆိုးသွားတာပေါ့”လို့ လူရွှင်တော် တော့ပ်က ဧရာဝတီကို ပြောပါတယ်။
ရေနွေးပူလောင်ဒဏ်ရာ သက်သာသွားရင် သာသနာ့ဘောင်ထဲသို့ ဝင်ကာ ဘုန်းကြီးဝတ်ဖို့ ရှိသလို အနုပညာတွေလည်း ပြန်လုပ်ကိုင်သွားမယ်လို့ တော့ပ်က ဆိုပါတယ်။
“ကျနော်ကတော့ ဇွဲမလျှော့ဘူး။ ရောဂါတွေလည်း သက်သာရင် ဘုန်းကြီးဝတ်မယ်။ သက်သာရင် နွေဘက်ကျရင်တော့ ပြန်ကရမှာပဲ။ အနုပညာသမားဆိုတော့ အနုပညာကို လုပ်ချင်သေးတာ”လို့ တော့ပ်က ပြောပါတယ်။
ကျူးလွန်ခဲ့သူ အမျိုးသမီးကိုတော့ အမှုဖွင့်ထားရပြီး အိမ်ထောင်ရေးနဲ့ ပတ်သက်လို့လည်း တော့ပ်က အခုလို ဆိုပါတယ်။
“အခုတော့ သူ့ကို ထောင်ချထားတယ်။ သားသမီးရှိတာ တယောက်က အိမ်ထောင်ကျသွားပြီ။ တယောက်ကလည်း အားကိုးမရပါဘူး။ ကျနော်တောင် အခု ကျနော့်မွေးစား အဖေရဲ့သားက လာပြုစုပေးနေတာ။ ကလေးတွေကလည်း စရိုက် မကောင်းဘူး။ အဖေဘက် မပါကြဘူး။ အဲ့မိန်းမကို ပေါင်းလည်း မပေါင်းတော့ဘူး။ အင်္ကျီတွေလည်း အပြည့်အဝ မပေးလိုက်ဘူး။ ကောင်းလာရင်လည်း ပြန်မပေါင်းဘူး။ ဒီဘဝ ဒီမျှနဲ့ပဲ တော်ပါပြီ”လို့ ဆိုပါတယ်။
ရေနွေးပူနဲ့ လောင်းခဲ့တဲ့ ဇနီးဖြစ်သူကို လူရွှင်တော် တော့ပ်ရဲ့ ဆန္ဒအတိုင်း ညောင်လေးပင် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားကြောင်း သိရပါတယ်။ လူရွှင်တော် တော့ပ်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသ သရုပ်ဆောင်၊ လူရွှင်တော် မော့စ်နဲ့ ရုပ်တူတဲ့ လူရွှင်တော် တဦးလည်း ဖြစ်ပါတယ်။
You may also like these stories:
“ကျောင်းဖွင့်ရင် ကြိုပို့လုပ်ရမယ့် လူကြီးတွေအတွက်လည်း စိတ်ပူတယ်”