ကမ္ဘာကျော် ဘောလုံးအကျော်အမော်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ သူ့မိသားစုရဲ့ Lockdown ကာလအတွင်းမှာ ဟင်းလျာချက်ပြုတ်မှု စွမ်းရည်ကို လက်စွမ်းပြခဲ့ပြီးတဲ့နောက် အချက်အပြုတ် အစီအစဉ် အသစ်တခု ပြုလုပ်ဖို့ Netflix ၊ BBC တို့နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က Studio 99 လို့ခေါ်တဲ့ ကိုယ်ပိုင် မီဒီယာကုမ္ပဏီတခုကို ထူထောင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲမက်ဒရစ် အသင်းသားဟောင်း ဘက်ခမ်းဟာ အဲ့ဒီအစီအစဉ်ကို ထုတ်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ The Sun သတင်းစာက ဆိုပါတယ်။
Cotswolds ဒေသမှာ နေထိုင်ခဲ့ရစဉ်မှာ သူငယ်ချင်း နာမည်ကျော်စားဖိုမှူး Gordon Ramsay ရဲ့ Instagram တိုက်ရိုက် ထုတ်လွှင့်မှုတွေမှာ အသက် ၄၅ နှစ်အရွယ် ဘက်ခမ်းဟာ မုန့်ဖုတ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
သတင်းရင်းမြစ်တခုက “ဒေးဗစ်အတွက် Lockdown ကာလမှာ မရည်ရွယ်ထားတဲ့ အကျိုးအမြတ်တခုကတော့ သူအကြိုက်နှစ်သက်ဆုံး မုန့်ဖုတ်တာကို လုပ်ကိုင်ဖို့ အခွင့်အရေးရရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာသူ့မိခင်ရဲ့ မုန့်ဖုတ်နည်းဟောင်းတချို့ကို ပြန်ဖန်တီးပြီး မကြာသေးခင်တုန်း ကျရောက်ခဲ့တဲ့ သူ့မွေးနေ့အတွက် ဟင်းအိုးတွေနဲ့ ဒယ်အိုးတွေကို အပြည့်တည်ခင်းခဲ့ပါတယ်” လို့ ဆိုပါတယ်။
ဘက်ခမ်းဟာ Instagram Live မှာ အစီအစဉ်မှာ Ramsay ကို ဒီကိစ္စနဲ့ ပတ်သက်လို့ ကနဦးပြောကြားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီသတင်းရင်းမြစ်က “သူ့ရဲ့ ကိုယ်ပိုင်အချက်အပြုတ် အစီအစဉ်တွေ၊ Studio Ramsay ကုမ္ပဏီနဲ့အတူ ဘက်ခမ်းဟာ Ramsay နဲ့ တော်တော်လေး အဆင်ပြေခဲ့ပြီး Ramsay က သူ့ကို အကြံကောင်းတွေ လည်းပေးခဲ့ပါတယ်” လို့ ဆိုပါတယ်။
ဘတ်စကတ်ဘော အကျော်အမော် Michael Jordan ရဲ့ The Last Dance အစီအစဉ်ဟာ Netflix မှာ အောင်မြင်ခဲ့ပြီးတဲ့နောက် BBC လိုမျိုး ရုပ်သံလိုင်းတွေဟာလည်း ဘောလုံးအကျော်အမော်တွေနဲ့ အလုပ်အတူ တွဲလုပ်ဖို့ စိတ်ဝင်စားနေပြီး ဘက်ခမ်းအတွက်လည်း တခုခု စီစဉ်ပေးချင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက Variety မီဒီယာရဲ့အဆိုအရ ဘက်ခမ်းရဲ့ စတူဒီယိုဟာ သူကိုယ်တိုင် ပါဝင်လာမယ့် မှတ်တမ်းရုပ်ရှင်တွေ၊ ရုပ်သံအစီအစဉ်တွေ၊ အားကစား၊ ခရီးသွား၊ ဖက်ရှင်နဲ့ တခြားနယ်ပယ်တွေ အကြောင်း ပါဝင်မယ့် အစီအစဉ်တွေကို ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ အခုတော့ သူ့စတူဒီယိုဟာ သူ့ရဲ့ ဘောလုံးစီးရီးတခုဖြစ်တဲ့ Inter Miami မှတ်တမ်းရုပ်ရှင်ကို ဖန်တီးထုတ်လုပ်နေတယ်လို့ သိရပါတယ်။
Ref: straitstimes
You may also like these stories:
Black Lives Matter လှုပ်ရှားမှုအတွက် BTS အဖွဲ့ ဒေါ်လာ ၁ သန်း လှူဒါန်း
Show ပွဲတွေ မရှိတဲ့အချိန် အကုန်လုံးထိခိုက်ကြရတယ်လို့ ရေမွန်ပြော
လုပ်ခွင့်ပေးတဲ့ ဇာတ်ကောင်က ဗီလိန်တွေပဲများတယ်လို့ မိုက်မိုက်ပြော