အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး Tiktok ဗီဒီယို အတိုတွေ လူအများ အသိပညာ တိုးပွားစေရန် ရိုက်တင်ပေးနေတဲ့ သရုပ်ဆောင် မြတ်နိုးအေးကတော့ ကိုယ်တိုင်လည်း တက္ကသိုလ်တက်စဉ်က ရည်းစားဟောင်းရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်တာကို ခံခဲ့ရဖူးတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“နီးနီးစပ်စပ်တွေတော့ ကြုံဖူးတာပေါ့။ လင်မယားချင်း အဆင်မပြေတာတွေ၊ အိမ်ထောင်ရေး အဆင်မပြေတာတွေမှာ ကြားဖူးတယ်။ ကိုယ့်ရဲ့အသိတွေထဲမှာ ရှိခဲ့ဖူးတယ်။ အမေရဲ့သူငယ်ချင်းတွေထဲမှာ ရှိခဲ့ဖူးတာ ကြားဖူးနေတယ်”
“ကိုယ်တိုင်အနေနဲ့လည်း အနီးစပ်ဆုံးပြောရရင် ကြုံဖူးတယ်ပေါ့။ ၁၀ တန်းပြီးခါစ တက္ကသိုလ်တက်တဲ့အချိန်မှာ မသိနားမလည်သေးတဲ့အချိန် ရည်းစားထားတဲ့အချိန်မှာ ရန်ဖြစ်ရင် လက်ပါတတ်တဲ့ ယောကျ်ားမျိုးနဲ့ ကြုံခဲ့ဖူးတယ်။ အဲ့ခံစားချက်ကို နားလည်တယ်။ ရုန်းထွက်နိုင်ခဲ့တယ်” လို့ မြတ်နိုးအေးက ဧရာဝတီကို ပြောပါတယ်။
မြတ်နိုးအေးရဲ့ TikTok ဗီဒီယိုဖိုင်
အရမ်းကြီး ဆိုးရွားတဲ့ အခြေအနေအထိတော့ မရောက်ခဲ့ဘဲ အနုနည်းနဲ့ ဖြည်းဖြည်းချင်း ရုန်းထွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“အရမ်းကြီး ဆိုးရွားတဲ့ အခြေအနေထိတော့ မရောက်ခဲ့ဘူး။ ကျမကို လက်ပါတဲ့ အချိန်ကစပြီးတော့ ဒီလူကိုရှောင်ဖို့ အသိက အရင်ဆုံးဝင်လာတယ်။ ဒါပေမဲ့ ကိုယ်ကအကြမ်းနည်းနဲ့ မရှောင်ခဲ့ဘူး။ အနုနည်းနဲ့ ဖြည်းဖြည်းချင်းပဲ ရုန်းထွက်ခဲ့ရတာပေါ့။ မဟုတ်ရင် ကိုယ့်အတွက် အသက်အန္တရာယ်တွေ ဖြစ်လာမှာတွေပေါ့”
“အဲ့တုန်းကဆို အိမ်က မိသားစုကို မပြောပြဖြစ်ခဲ့ဘူး။ အကုန်လုံးပြီးသွားတော့မှ ဒီလိုမျိုးတွေ ဖြစ်ခဲ့တဲ့အကြောင်းကို ပြန်ပြောပြဖြစ်ခဲ့တယ်” လို့ မြတ်နိုးအေးက ပြောပါတယ်။
ဆက်လက်ပြီး “အဲ့အချိန်တုန်းကဆို သူငယ်ချင်းတွေကြားထဲမှာ အရမ်းအရှက်ရတယ်။ ကျောင်းတက်နေတဲ့ အချိန်တွေဆိုတော့ အပြင်သွား မုန့်စားနေတဲ့ အချိန်တွေဆို လူအများရှိတဲ့ နေရာမှာ အော်ဟစ်တာတွေ လက်ပါတာမျိုးတွေ သူငယ်ချင်းတွေရှိရက်နဲ့လည်း ဖြစ်တယ်”
“အိမ်တွင်းမှာတင် မဟုတ်ဘူး။ အိမ်ပြင်မှာပါ အကြမ်းဖက်မှုခံသလိုမျိုး ကြုံခဲ့ရတော့ ဒီ Relationship က ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူးပေါ့။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်လိုက်တာပေါ့။ အစကတော့ မသိဘဲ အရမ်းယုံမိတယ်။ နောက်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ပြီး ရုန်းထွက်လိုက်တယ်” လို့ ပြောပါတယ်။
အမျိုးသမီးအများစုကတော့ ပတ်ဝန်းကျင်မှာ အရှက်တကွဲဖြစ်မှာနဲ့ Relationship ကို မပြောင်းလဲချင်တာရယ်ကြောင့် ဒီလိုကိစ္စရပ်တွေကနေ ရုန်းမထွက်နိုင်ကြဘဲ ပတ်ဝန်းကျင်ကလည်း စောင့်ရှောက်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
“မရုန်းထွက်နိုင်ခဲ့တဲ့ အမျိုးသမီးအများစုက ဘယ်လိုဖြစ်မလဲဆိုရင် ကိုယ့်ရဲ့ပါတနာကို ပြောင်းလဲလာမယ် ထင်ကြတယ်။ ချစ်တော့ချစ်မှာပဲ။ နောက်တခုက အရှက်ကွဲမှာကို ကြောက်ကြတယ်။ သူများတွေအမြင်မှာ သာယာတဲ့ Relationship ရှိတယ်ဆိုပြီး မပြောင်းလဲချင်ကြဘူး။ မပြောင်းလဲချင်ကြတော့ ဒီတယောက်ကိုပဲ သည်းခံကြတယ်။ အရှက်တကွဲ အကျိုးနည်း မဖြစ်ချင်ကြဘူးပေါ့”
“သည်းခံလာခဲ့တာတွေများတော့ ပိုပိုဆိုးလာကြတာပေါ့။ အနည်းဆုံးကတော့ ရန်ဖြစ်ကြရင် လက်ပါတာကနေ စမယ်။ တခေါက်လုပ်ပြီးရင် တောင်းပန်လိုက်မယ်။ အဲ့လို တောင်းပန်ပြီးရင် နောက်ထပ်အဆင့်တွေက ပိုတိုးလာဖို့ပဲ ရှိတယ်။ တခေါက် လက်ပါဖူးတဲ့သူက နောက်ရန်ဖြစ်တိုင်းလည်း လက်ပါမှာပဲ။ အဲဒါတွေကို ရုန်းထွက်နိုင်ဖို့ လိုတယ်။ ပတ်ဝန်းကျင်ကလည်း စောင့်ရှောက်ဖို့ လိုတာပေါ့” လို့ မြတ်နိုးအေးက ပြောပါတယ်။
မြတ်နိုးအေးကတော့ အမျိုးသမီးများအတွက် အသိပေးလိုတဲ့ ရည်ရွယ်ချက်ဖြင့် Tiktok မှာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုရုန်းထွက်ရမလဲဆိုတဲ့ ဗီဒီယိုအတိုနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းကို ရှုတ်ချတဲ့ ဗီဒီယိုအတို ၂ ပုဒ်ကို တင်ထားခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
“ရိုက်ကူးရေးတွေ ပြန်စဖို့ တရားဝင် မပြောသေးဘူး”လို့ အေးမြတ်သူ ပြော
အချက်အပြုတ် အစီအစဉ်လုပ်ဖို့ ဒေးဗစ်ဘက်ခမ်း ဆွေးနွေးနေ