မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရှိ ရုပ်ရှင်သမိုင်းပြတိုက်မှာ အနုပညာရှင်တယောက်အဖြစ် အသိအမှတ်ပြုခံရတာကို ဂုဏ်ယူမိတယ်လို့ အကယ်ဒမီ ထွန်းထွန်းက ဆိုပါတယ်။
“မြန်မာ့ရုပ်ရှင်ဟာ နှစ် ၁၀၀ တောင် ပြည့်ပြီ။ ဒီထက်ကောင်းမွန်တဲ့ ဇာတ်ကားကောင်းတွေ ထုတ်ဦးမယ်လို့ မျှော်လင့်ပါတယ်။ အခုလို နှစ် ၁၀၀ ပြည့်မှာ ပါဝင်ခွင့်ရလို့ ဝမ်းသာသလို ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ ရုပ်ရှင်သမိုင်းပြတိုက်မှာ ကျနော် မသိတာတွေရော၊ သိတာတွေရော အကုန် သိရတယ်၊ မြင်ရတဲ့အတွက် ဗဟုသုတ အများကြီး ရပါတယ်”
“ရုပ်ရှင်သမိုင်းပြတိုက်မှာ ကိုယ်ဟာ အနုပညာရှင်တယောက်အဖြစ် အသိအမှတ်ပြုခံရတာကို ဂုဏ်ယူတယ်။ ရုပ်ရှင် စရိုက်တုန်းက ကျနော် ဒီလို အခြေအနေထိ ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ ကျနော့် သားသမီးတွေ ရရင်လည်း ပြောပြရမယ်။ ကျနော် ဒီထက်ပိုပြီး ကြိုးစားနေမှာပါ။ အလုပ်ကြိုးစားလုပ်ခဲ့လို့ ဒီလို ဆုရခဲ့တယ်လို့ ဂုဏ်ယူနေမှာပါ”လို့ ထွန်းထွန်းက ပြောပါတယ်။

ကိုဗစ်ကာလအတွင်း ရုပ်ရှင် ရိုက်ကူးရေးများ ရပ်နားထားရပြီး မကြာခင် ရိုက်ကူးရေးတွေ စတော့မယ် ကြားတာကြောင့် စည်းကမ်းတကျ ရိုက်စေချင်တယ်လို့ ထွန်းထွန်းက ဆိုပါတယ်။
“ရိုက်ကူးရေးတွေလည်း ပြန်လုပ်ချင်နေပြီ။ သတိတွေ ရနေပါပြီ။ ဇူလိုင်လမှာ ရိုက်ကူးရေးတွေ စမယ်တော့ ကြားတယ်။ ရိုက်မယ့် အချိန်မှာလည်း အရင် ရိုက်နေကျ ပုံစံ မဟုတ်ဘဲနဲ့ စည်းနဲ့ကမ်းနဲ့ အဆင်ပြေအောင် ရိုက်ကူးကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”
“ကျနော့်အမြင်ဆို မရိုက်ဘဲ နေတာကမှ ဘာမှမဖြစ်ဘဲနဲ့ ရိုက်တော့မှ ကူးစက်တာတွေ ဖြစ်လာရင် မကောင်းဘူးပေါ့။ အဲ့လိုတွေ မဖြစ်အောင် သက်ဆိုင်ရာ လူကြီးတွေ သက်ဆိုင်ရာတွေက ခွင့်ပြုမှပဲ ကျနော်တို့လည်း ရိုက်ကူးဖို့အတွက် ဆန္ဒ ရှိပါတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။
ဆက်လက်ပြီး ထွန်းထွန်းက ဒီနှစ် အကယ်ဒမီ ပေးပွဲကိုလည်း COVID-19 ရောဂါများကြောင့် အချိန် ရက်ရွှေ့ထားရတဲ့အပေါ်လည်း အခုလိုပဲ ပြောပါတယ်။
“အကယ်ဒမီက ၃ လပိုင်းကတည်းက လုပ်ရမှာ။ ရွှေ့ထားတာ။ ကျနော်တို့ လူကြီးတွေက အကောင်းဆုံး ဖြစ်စေချင်တဲ့ ဆန္ဒကြောင့် ရောဂါတွေ ပျောက်ကင်းပြီး စိတ်ချရတဲ့ အခြေအနေရှိမှ လုပ်မယ်လို့ထင်ပါတယ်။ တခြားနိုင်ငံတွေမှာ သူတို့ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သူတို့ နိုင်ငံရဲ့ အဆင်ပြေတဲ့ပုံစံ လုပ်ကြ တယ်။ ကျနော်တို့ နိုင်ငံမှာလည်း အဆင်ပြေမယ့် ပုံစံနဲ့ အမြန်ဆုံး ကျင်းပနိုင်မယ်လို့ ထင်ပါတယ်”
“ကျနော့် အမြင်ကတော့ ရုပ်ရှင်နှစ် ၁၀၀ လည်း ရှိတာကြောင့် ခမ်းခမ်းနားနားကြီး လုပ်သွားဖို့ပဲ မျှော်မှန်းထားပါတယ်။ မတတ်သာလို့ လုပ်ရတာထက် ရောဂါကြီး မရှိတော့မှ နှစ် ၁၀၀ ကို ခမ်းခမ်းနား နားကြီးလုပ်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။
သရုပ်ဆောင် ထွန်းထွန်းကတော့ ဂီတဘက်မှာလည်း အောင်မြင်ခဲ့သလို သရုပ်ဆောင်ဘက်မှာလည်း “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် “အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု”ကို ရရှိခဲ့တာ ဖြစ်ပါတယ်။