အဆိုတော် စိုင်းထီးဆိုင်ရဲ့ ဂီတမျိုးဆက်ဖြစ်တဲ့ သမီးဖြစ်သူ အဆိုတော် ဆိုင်စံက ဖခင်နဲ့ ပတ်သက်တဲ့ အမှတ်တရများ၊ ဖခင်ရဲ့စိတ်နေသဘောထားများအကြောင်းကို အခုလို ပြောပြထားပါတယ်။
“ဖေကြီးရဲ့ဘဝကောက်ကြောင်းတွေကို လူအများ ရေးလာကြတာ တွေ့ရပါတယ်။ မှန်တာလည်း ရှိသလို မှားတာတွေလည်း ဒုနဲ့ဒေးပါပဲ။ အဲ့တော့ ကျမကလည်း ကျမသိတဲ့ အဖေ့အကြောင်းကို ပြောပြချင်လာတယ်။ ကျမအရင်က မနက်တိုင်း နေ့တိုင်း တွေ့ခဲ့ရင်းနှီးခဲ့တဲ့ ကျမအဖေအကြောင်း အကျဉ်းချုံးလေးအနေနဲ့ပေါ့”လို့ ဆိုင်စံက ဆိုထားပါတယ်။
ဖခင်ဖြစ်သူ စိုင်းထီးဆိုင်က စိတ်ထားဖြူစင်သလို အတ္တလည်းနည်းပြီး ငယ်စဉ်ကတည်းက ရောင့်ရဲတတ်တဲ့စိတ်၊ စာနာတတ်တဲ့စိတ်၊ သနားကြင်နာတတ်တဲ့စိတ်ကို မွေးမြူပေးခဲ့တယ်လို့ ဆိုင်စံက ဆိုပါတယ်။ ဆိုင်စံအတွက် ဖခင်ဆီမှာ အချစ်ဆုံးအရာကတော့ ဟာသဉာဏ်ကောင်းပြီး ရယ်စရာတွေ အများကြီး ပြောတတ်တာကြောင့် အတူရှိနေချိန်တွေတိုင်းက အမှတ်ရဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
“ဖေကြီးက အရမ်းလည်းယဉ်ကျေးသလို သူ့ရဲ့စကားသံဟာလည်း နူးညံ့လွန်းတယ်။ ဖေကြီး မရှိတော့တဲ့နောက် အဲ့လိုအသံမျိုးကို သူ့ရဲ့ မောင်နှမတွေ တူ၊ တူမတွေ (ကျမရဲ့ ဦးလေးနဲ့အဒေါ်တွေ မောင်နှမဝမ်းကွဲတွေ)ဆီကပဲ ကြားဖြစ်တော့တယ်။ ဒီမိသားစုကလွဲရင် ဘယ်မှာမှမကြားရနိုင်တော့သလိုမျိုးထူးခြားတယ်” လို့ ဆိုင်စံက ပြောပါတယ်။
ဆိုင်စံအပါအဝင် မောင်နှမ ၃ ယောက်ကို ရှမ်းစကား သင်ပေးခဲ့ပေမယ့် ဖခင်ဖြစ်သူက မအားလပ်တာကြောင့် ၁ လုံး၂ လုံးထက် ပိုမသင်ပေးနိုင်ခဲ့တာကြောင့် သူတို့မောင်နှမတွေ ရှမ်းစာကို မတတ်ခဲ့ဘူးလို့ ဆိုပါတယ်။
“ဖေကြီးက ကျမတို့ကို ရှမ်းစကားပြောတတ်အောင် သင်ပေးဖူးပါတယ်။ အမြဲတမ်း မအားတဲ့ ကျမ အဖေက ၁ လုံး၂ လုံးထက် ပိုမသင်ပေးနိုင်ခဲ့ဘူး။ ဒါကြောင့်ကျမတို့ မောင်နှမ ၃ ယောက်စလုံးဟာ ရှမ်းစာ၊ ရှမ်းစကား မတတ်ခဲ့ရဘူး။ ဒါပေမဲ့ ရှမ်းအိုးစည်သံတွေကို ရင်းနှီးအောင်၊ ရှမ်းတောင်တန်းကြီးတွေကိုချစ်တတ်အောင်၊ ရှမ်းသီချင်းတွေ ဆိုတတ်အောင်တော့ သင်ပေးခဲ့တယ်”
“အဖေသိပ်ချစ်တဲ့အရာတွေကို သားသမီးတွေချစ်စေတဲ့ စိတ်ခံစားမှုနည်းနဲ့ပေါ့။ ဒါကြောင့် ကျမတို့ဟာ ကပြားတွေ ဖြစ်ခဲ့ကြပေမယ့် ရှမ်းလူမျိုး ဓလေ့ထုံးစံတွေကို ချစ်တတ်ခဲ့ကြတယ်။ လင်းခေးကို စရောက်ဖူးတော့ ကျမ သိပ်ပျော်တယ်။ ကျမကို ရန်ကုန်မှာမွေးခဲ့ပေမယ့် လင်းခေးရောက်တိုင်း အမေ့အိမ်ကိုပြန်ရသလိုပဲ နွေးထွေးနေတယ်။ လင်းခေးမှာ ဖေကြီးနဲ့ အမှတ်တရတွေလည်း အများကြီး ရှိခဲ့တယ်”လို့ ဆိုပါတယ်။
စိုင်းထီးဆိုင်ရဲ့ အနုပညာ ခံယူချက်နဲ့ ပတ်သက်ပြီးတော့လည်း “ဖေကြီးရဲ့အနုပညာ ခံယူချက်ဟာလည်း အင်မတန်လေးစားစရာ ကောင်းတယ်။ သီချင်းတွေကို ချစ်လွန်းလို့ သီဆို ဖန်တီးခဲ့ပေမယ့် သူ့ဘဝဟာ ကြမ်းတမ်းခဲ့တယ်။ ပေးဆပ်ခဲ့ရတာတွေ များလွန်းတယ်။ မနာလိုသူ၊ သစ္စာမရှိသူ၊ ကိုယ့်ကျိုးကြည့်တတ်သူတွေ တွေ့လာရင်တောင် ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ အံကြိတ် သည်းခံနိုင်ခဲ့တာကတော့ အတုယူစရာ အကောင်းဆုံးပါပဲ” လို့ ဆိုင်စံက ပြောပါတယ်။
ဂီတကို ဝါသနာပါတဲ့ ဆိုင်စံနဲ့ သူမရဲ့အစ်ကိုကိုလည်း သီချင်းတွေအများကြီး ပေးနားထောင်စေခဲ့ပြီး အရွယ်လာတဲ့အချိန် ကိုယ်တိုင်ဖ န်တီးတီးချင်တဲ့အခါမှာလည်း အားပေးခဲ့ပါတယ်။ ဒါ့အပြင် အနုပညာဆိုတာ အတင်းကြီးလုပ်ယူလို့ မရတဲ့အရာဖြစ်တာကြောင့်လည်း သီချင်းနားထောင်၊ စာများကိုဖတ်ရင်းနဲ့ ဝမ်းစာပြည့်စေချင်ခဲ့တယ်လို့ ဆိုပါတယ်။
သားသမီးများကို သူ့သီချင်းပြန်ဆိုတာထက် ကိုယ်ပိုင်ကြိုးစားစေချင်တာကြောင့် ဖခင်ဖြစ်သူရဲ့ စကားကို နားထောင်ပြီး ကိုယ်ပိုင်သီချင်းတွေနဲ့ ရပ်တည်နိုင်အောင်ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်စံ ၉ နှစ်အရွယ်ခန့်မှာတော့ ထွန်းအိန္ဒြာဗိုရဲ့အသံကို တုပြီးဆိုတာကြောင့် အဆူခံခဲ့ရဖူးပြီး ဒုတိယလူအဖြစ် မရပ်တည်ဖို့ ဆုံးမခဲ့တယ်လို့ သိရပါတယ်။
စိုင်းထီးဆိုင်ဟာ တိုင်းပြည်အတွက် အာဇာနည် သူရဲကောင်းကြီး မဟုတ်ခဲ့ပေမယ့် မိသားစုအတွက် သူရဲကောင်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျမဘဝမှာ ဖေကြီးကို အဖေတယောက်အဖြစ် ပိုင်ဆိုင်ခွင့်ရတာ ဆုလာဘ်ကြီး တခုလိုပါပဲ။ နိုင်ငံကျော် အဆိုတော်ကြီးဆိုတာ ဖယ်လိုက်ရင်တောင် တည်ငြိမ်အေးချမ်းပြီး မေတ္တာ၊ သစ္စာ၊ ကရုဏာကြီးမားတဲ့၊ မိသားစုကို တာဝန်ယူတဲ့၊ ချစ်စရာကောင်းတဲ့၊ ပျော်စရာကောင်းတဲ့ အဖေတယောက်မို့ ကျမ ကံကောင်းလွန်းပါတယ်”
“အခုချိန်ထိလည်း မိသားစုကို စောင့်ရှောက်နေတုန်းပါပဲ။ နာမည်ပျက်မရှိခဲ့တဲ့ အဖေဖြစ်တဲ့အတွက် ကျမတို့ မိသားစုကို လေးစားချစ်ခင်သူတွေ ကူညီချင်သူတွေများကြတာကြောင့် ကျေးဇူးကြီးလှပါတယ်။ ပစ္စည်းဥစ္စာ အမွေတွေအပြင် နှလုံးသားကိုပါ အမွေပေးခဲ့တဲ့အဖေမို့ ဘဝဆက်တိုင်း အဖေတော်ခွင့်ရဖို့ ဆုတောင်းမိတယ်” လို့ ဆိုင်စံက ပြောပါတယ်။
ဆိုင်စံကတော့ ဖခင်ဖြစ်သူရဲ့ သီချင်းကောင်း သီချင်းဟောင်းများကို ပြန်လည်သီဆိုထားတဲ့ အခွေနဲ့ သူ့ရဲ့ကိုယ်ပိုင် သီချင်းများသီဆိုထားတဲ့ အခွေကို ထွက်ရှိထားပါတယ်။
You may also like these stories:
လင်မယားချင်း စကားများပြီး ရေနွေးပူနဲ့ လောင်းခံခဲ့ရတဲ့ လူရွှင်တော် တော့ပ်