အဆိုတော် လိမ္မော်သီးက COVID-19 ကြောင့် အနုပညာတွေ လုပ်ခွင့်မရသေးတဲ့အချိန်မှာ နည်းနည်းကျပ်တည်းသွားတယ်လို့ဆိုပြီး ရှေ့ဆက် အလုပ်ပိုကြိုးစားပြီးလုပ်မယ်လို့ ဆိုပါတယ်။
“အခုချိန်မှာ ရောဂါကြောင့် စီးပွားရေးတွေ ခက်ခဲနေတာက တကမ္ဘာလုံးဖြစ်ပျက်နေတာဆိုတော့ နည်းနည်းလေး ထိန်းချုပ်နိုင်တဲ့ အနေအထားလေးရှိတော့ တော်သေးတယ်။ အခုဆို ဆိုင်တွေလည်း ပြန်ဖွင့်နေကြသလို အပြင်တွေလည်း တော်တော် ပြန်ထွက်နေကြပြီ”
“တချို့ နိုင်ငံတွေမှာဆို အခုချိန်ထိ ဖြစ်နေတုန်းဆိုတော့ ကိုယ်တွေမှာ အထိနည်းသွားတော့ တော်သေးတယ် ပြောရမှာပေါ့။ အဲ့အတွက် မိုးတွင်းမှာတင် ထိန်းချုပ်ပြီးသွားရင် လာမယ့် နွေမှာ ပွဲတွေက ပြန်လည်ပတ်လာမယ်လို့ မျှော်လင့်တာပဲ။ အခုလို ရောဂါဖြစ်သွားချိန်မှာ သိလိုက်ရတာက အရာအားလုံးက ပုံသေတွက်လို့ မရဘူး။ ဘယ်အရာမှမမြဲဘူး” လို့ လိမ္မော်သီးက ဆိုပါတယ်။
ဒီကာလမှာ အိမ်အသစ်ဆောက်ထားတဲ့အတွက်လည်း ငွေကြေးကျပ်တည်းခဲ့ပြီး လာမယ့် နွေရာသီမှာ သီချင်းတွေ အားစိုက်ပြီး ပိုလုပ်ဖြစ်မယ်လို့ ဆိုပါတယ်။
“ပိုက်ဆံဆိုတာ ခြေစောင့်လက်စောင့် ထားသင့်တယ်ဆိုတာ သင်ခန်းစာရတာပေါ့။ ကျမက အိမ်ဆောက်လိုက်တော့ ပေးစရာရှိတာတွေနဲ့ နည်းနည်းလေးတော့ ကျပ်တည်းတာပေါ့။ ကိုယ်တယောက်တည်းလည်း ခက်ခဲတာ မဟုတ်တော့ အကောင်းဘက်နေပဲ တွေးလိုက်တယ်။ လာမယ့် နွေကိုပဲ နည်းနည်း မျှော်လင့်ချက်ထားရတော့ အဲ့ကျရင်တော့ အလုပ်ပိုကြိုးစားပြီး လုပ်မယ်။ သီချင်းတွေလည်း အားစိုက်ပြီးထုတ်မယ်လို့ ပြင်ဆင်ထားတယ် ”လို့ လိမ္မော်သီးက ပြောပါတယ်။
အနုပညာရှင်တွေ အနုပညာ မလုပ်ရတော့ တခြားစီးပွားရေး လုပ်လာကြတဲ့အပေါ် လိမ္မော်သီးက အလုပ်အားလုံးက ဂုဏ်ရှိတယ်လို့ ဆိုပါတယ်။
“တော်တော်များများကတော့ အနုပညာ မလုပ်ရတော့ စီးပွားရေးလေးတွေ လုပ်ကြတာပေါ့။ အလုပ် အားလုံးက ဂုဏ်ရှိတယ်။ အနုပညာသမားတွေကလည်း စီးပွားရေး ထိခိုက်လာတော့ သူတို့ ပိုက်ဆံတွေ ဘယ်ကနေများ ရမလဲ ရှာကြတာပေါ့။ ကိုယ်တွေလည်း အခက်ခဲရှိပေမယ့် ကောင်းကောင်းမွန်မွန် ဟင်းတွေ မချက်တတ်၊ မလုပ်တတ်တော့ ထဘီတွေ ရောင်းတယ်။ ဟင်းကတော့ ကိုယ့်အိမ်စားဖို့ပဲ ချက်တတ်တာပေါ့”
“ဈေးရောင်းလောက်တဲ့ထိ မချက်တတ်ဘူး။ အဲ့တော့ မွန်ထည်တွေ ရောင်းပေးတယ်။ အွန်လိုင်းကနေပဲရောင်းတယ်။ ခင်တဲ့သူတွေက အိမ်မှာ လာကြည့်ပြီးဝယ်ရင်တော့ ရောင်းပေးဖြစ်တယ်။ စီးပွားရေး လုပ်တယ်ဆိုတာကလည်း အရမ်းအချိန်ပေးရပြီးတော့ ဦးနှောက်က လည်းကောင်းမှလေ။ ကိုယ်တွေက အနုပညာဘက်မှာပဲ ကျွမ်းကျင်တာ။ စီးပွားရေးအလုပ်က ကိုယ်ကျွမ်းကျင်တဲ့ အလုပ်မဟုတ်တော့ နည်းနည်းပဲ လုပ်နိုင်တယ်။ ဇောက်ချ လုပ်ဖို့က မဖြစ်နိုင်ဘူး။ အလုပ်နှစ်ခု လုပ်ဖို့က အဆင်မပြေဘူး။ အဲ့တော့ အခုတော့ အွန်လိုင်းကနေပဲ နည်းနည်းလေးပဲ လုပ်ဖြစ်တယ်”လို့ လိမ္မော်သီးက ပြောပါတယ်။
လိမ္မော်သီးကတော့ အမျိုးသမီး Rock အဆိုတော်တဦး ဖြစ်ပြီး “လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ” ၊ “လူမှန်” ၊ “ဒဏ်ရာနှလုံးသား” စတဲ့ တကိုယ်တော်အခွေတွေ ထွက်ရှိထားပါတယ်။
You may also like these stories:
Tik Tok မှာ သဘောကျသူတွေကို ရုပ်ရှင်ခေါ်ရိုက်မယ့် ကိုပေါက်
အလုပ်အကြိုးစားဆုံး မင်းသားအဖြစ် Nicolas Cage မှတ်တမ်းဝင်
ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ဖို့ လေယာဉ် စီစဉ်ပေးခဲ့တဲ့ အမီတာဘဂျမ်း