နာမည်ကျော် K-pop အမျိုးသားအဆိုတော်အဖွဲ့ BTS ရဲ့ မကြာသေးမီက ထုတ်လွှင့်ခဲ့တဲ့ ဖျော်ဖြေပွဲဟာ ကြည့်ရှုသူ အရေအတွက်အရ ကမ္ဘာပေါ်မှာ အကြီးဆုံး အခပေး အွန်လိုင်း ဂီတဖျော်ဖြေပွဲအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ အဖွဲ့ရဲ့ စီမံခန့်ခွဲရေး ကုမ္ပဏီက ဇွန်လ ၁၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
Big Hit Entertainment က ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့မှာ ဆိုးလ်မြို့မှာရှိတဲ့ စတူဒီယိုကနေ မိနစ် ၁၀၀ ဝန်းကျင် လောက်အထိ ထုတ်လွှင့်ခဲ့တဲ့ “Bang Bang Con: The Live” ဖျော်ဖြေပွဲကို ကမ္ဘာတဝန်းကနေ ပရိသတ် ၇၅၆,၀၀၀ လောက် ကြည့်ရှုခဲ့ကြတယ်လို့ ကြေညာခဲ့ပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်၊ တရုတ်၊ ဗြိတိန်နဲ့ ဂျပန်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၁၀၇ နိုင်ငံက ပရိသတ်တွေဟာ အဲ့ဒီအွန်လိုင်း ဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီဖျော်ဖြေပွဲကို ကြည့်ခဲ့ကြတဲ့ ပရိသတ်အရေအတွက်ဟာ အားကစားကွင်းဖျော်ဖြေပွဲ ၁၅ ပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ် စုစုပေါင်း အရေအတွက် ညီမျှတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီက “COVID-19 ကြောင့် ဖျော်ဖြေရေး လုပ်ငန်းဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ BTS အဖွဲ့ဟာ အွန်လိုင်း ဖျော်ဖြေပွဲကနေတဆင့် ဖြစ်နိုင်ချေအသစ်တွေကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
“Bang Bang Con” ရဲ့ အဓိပ္ပာယ်ကတော့ အခန်းအတွင်းမှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲလို့ ဆိုလိုပါတယ်။ အဲ့ဒီ ဖျော်ဖြေပွဲ တခုလုံးမှာ အဖွဲ့လိုက်ဖျော်ဖြေတဲ့ သီချင်းတွေရဲ့ Theme နဲ့ လိုက်ဖက်ညီစေဖို့ အခန်းတွေ၊ မြင်ကွင်းတွေကို ပုံစံ ၅ မျိုးအထိ ပြောင်းလဲခဲ့တာကို တွေ့ရပါတယ်။
အဖွဲ့ဟာ သီချင်းအပုဒ်ရေ ၁၂ ပုဒ် အထိ ဖျော်ဖြေခဲ့ပါတယ်။ အမေရိကန်ဗီဒီယိုထုတ်လွှင့်ရေးဝန်ဆောင်မှုဖြစ်တဲ့ Kiswe Mobile နဲ့ ပူးပေါင်းပြီး “Bang Bang Con” ကို ကြည့်ရှုမယ့် ပရိသတ်တွေဟာ ဖျော်ဖြေပွဲတခုလုံးကို မတူညီတဲ့ ကင်မရာရှုထောင့်ကနေ ရှုစားကြည့်ရှုခဲ့ကြပါတယ်။
အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ BTS အဖွဲ့ဟာ လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာ “Map Of The Soul: 7 – The Journey” လို့ နာမည်ပေးထားတဲ့ သူတို့ရဲ့ စတုတ္ထမြောက်အယ်လ်ဘမ်ကို ဂျပန်နိုင်ငံမှာ ဖြန့်ချိမှာဖြစ်ပါတယ်။ အဲ့ဒီအခွေထဲမှာ “ON”၊ “Boy With Luv,” နဲ့ “Fake Love” တို့လို သီချင်းဟောင်းတွေရဲ့ ဂျပန်ဗားရှင်း ပါဝင်မယ့်အပြင် “Stay Gold” နဲ့ “Your Eyes Tell” တို့လို မူရင်းဂျပန်သီချင်းတွေကိုလည်း ထည့်သွင်းထားပါတယ်။
Ref:Yonhap