ကိုဗစ်ကြောင့် နယ်ပယ်အသီးသီးက စီးပွားရေးလုပ်ငန်းများနဲ့အတူ ဖျော်ဖြေရေးကဏ္ဍများလည်း ထိခိုက်ခဲ့ရပြီးတဲ့ နောက်မှာတော့ New Normal အနေနဲ့ စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်လာသည့်တိုင်အောင် ရုပ်ရှင်ရုံများ ပြန်ဖွင့်တဲ့ကိစ္စရပ်က နောက်ဆုံးမှ ဖြစ်လိမ့်မယ်လို့ ခန့်စည်သူက ပြောပါတယ်။
“ရုပ်ရှင်ရုံထဲ လူဝင်ဖို့ဆိုတာက တိုင်းပြည်တပြည်ရဲ့ စီးပွားရေးအရမ်း တိုးတက်ပြီးတော့ အဘက်ဘက်က ပြည့်စုံလာတဲ့အချိန် နောက်ဆုံးအလှည့်ကျမှ ရုပ်ရှင်ရုံအလှည့် ဖြစ်ပါလိမ့်မယ်။ ပထမ အလုပ်အကိုင် ရှာရမယ်။ သားသမီးတွေ ကျောင်းအပ်ရမယ်။ စားဝတ်နေရေး ဖြေရှင်းရမယ်။ ဒါတွေ ပိုမှလျှံမှ ရုပ်ရှင်ရုံထဲ လူရောက်မှာဆိုတော့ လိုပါသေးတယ်” လို့ ခန့်စည်သူက ပြောပါတယ်။
ရုပ်ရှင်ပြန်လည် ရိုက်ကူးမှုများကိုလည်း စည်းကမ်းချက်များ ထုတ်၍ ပြန်ကြားရေးဝန်ကြီးဌာနကို တင်ထားပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာနသို့ ပေးပို့ထားတဲ့အတွက် လမ်းညွှန်ချက်နဲ့အညီ ခွင့်ပြုပါက ရိုက်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။
“ရုပ်ရှင် အစည်းအရုံးကနေ သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့အညီ ရိုက်ပါမယ်ဆိုပြီး စည်းမျဉ်းစည်းကမ်းတွေ ဆွဲပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာနကို တင်ထားတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကနေ ကျန်းမာရေးဝန်ကြီးဌာနကို တင်ထားတယ်။ ကျန်းမာရေးဝန်ကြီးဌာနက အဲဒါတွေကို စိစစ်ပြီးတော့ လိုတာတွေ ထပ်ဖြည့်ပြီး လမ်းညွှန်ချက်နဲ့အညီ ချပေးတယ်ဆိုရင်တော့ ရိုက်ခွင့်ပြုမှာပေါ့။ ဘယ်နေ့၊ ဘယ်ရက်လဲဆိုတာတော့ အတိအကျ ပြောလို့ မရဘူး” လို့ ခန့်စည်သူက ပြောပါတယ်။
ရုပ်ရှင်ရိုက်ကူးမှုများ ရပ်နားခဲ့ရတာကြောင့် ဇာတ်ပို့၊ ဇာတ်ရံများရဲ့ စားဝတ်နေရေး များစွာ ထိခိုက်ခဲ့တဲ့အတွက်လည်း ခန့်စည်သူက တတ်နိုင်တဲ့တာဝန်ကို ဝင်ရောက် ကူညီပေးတယ်လို့လည်း သိရပါတယ်။
“ဇာတ်ပို့၊ ဇာတ်ရံတွေအတွက် အားပေးစကားကတော့ ပြောလည်း ပြောပြောပဲ ရှိမှာပဲ။ အပ်ကြောင်းတွေ ထပ်နေပြီ။ ကိုယ်လည်းနိုင်တဲ့ ဝန်ကို ထမ်းပြီး လုပ်ပေးတယ်။ ပြီးခဲ့တဲ့ ရက်ကလည်း ရုပ်ရှင်အစည်းအရုံးမှာ ကိုရန်အောင်၊ မခိုင်လေး၊ အောင်ရေချမ်းတို့ တခြားကျန်တဲ့အဖွဲ့တွေနဲ့ ပေါင်းပြီး လုပ်ပေးတယ်။ မျက်နှာတွေလည်းပူပါတယ်။ အားလုံးက တော်တော်လှူထားကြတယ်ဆိုတော့ အခက်အခဲဖြစ်နေတဲ့အချိန်မှာ ကိုယ်တွေနဲ့ ရင်းနှီးတဲ့ ငွေကြေး တတ်နိုင်တဲ့သူတွေကို အကူအညီ တောင်းရတာပေါ့” လို့ ခန့်စည်သူက ပြောပါတယ်။
ဒီကာလမှာ လူတိုင်း အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရပြီး ချမ်းသာတဲ့သူများ၊ အနုပညာရှင်များ၊ တပိုင်တနိုင်ပရဟိတများဟာလည်း တတ်နိုင်တဲ့ဘက်မှ လှူဒါန်းမှုများစွာ လုပ်ခဲ့တာကြောင့် နိုင်ငံနဲ့ လူမျိုးကို ဘယ်လောက်ထိ ချစ်လဲဆိုတာကို ပေါ်လွင်စေတယ်လို့ ဆိုပါတယ်။
“အခက်အခဲကတော့ လူတိုင်း ရှိမှာပဲလေ။ အခုလို ကိုဗစ်ကာလမှာ မြန်မာနိုင်ငံက အချမ်းသာဆုံးပုဂ္ဂိုလ်တွေကအစ စွမ်းစွမ်းတမံ အားတက်သရော လှူဒါန်းထားကြတယ်။ အားလုံးလည်း ပွဲပန်းထားကြပြီ။ တကယ်တမ်း အရေးကြုံတဲ့အခါမှာ ချမ်းသာတဲ့သူတွေရော၊ အနုပညာသမားတွေရော တပိုင်တနိုင်ပရဟိတ လုပ်တဲ့သူတွေရော ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် လှူတယ်၊ တန်းတယ်။ ပေးတယ်၊ ကမ်းတယ်၊ ကူညီတယ်။ ဒီအချိန်ကျမှ ဘာတွေ့ရလဲဆိုရင် ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးကို ဘယ်လောက်ထိ ချစ်လဲ စေတနာရှိလဲဆိုတာကို ပေါ်လာတာပဲလေ” လို့ ခန့်စည်သူက ပြောပါတယ်။
ခန့်စည်သူ ကိုယ်တိုင်လည်း ကိုဗစ်ကာလမှာ တဦးချင်းအနေနဲ့ရော တခြားသော အဖွဲ့အစည်း၊ အနုပညာရှင်များနဲ့ပါ ပူးပေါင်းကာ လှူဒါန်းမှုများပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။
You may also like these stories:
“ကျန်းမာရေးဌာနရဲ့ စည်းကမ်းတွေအတိုင်း နေကြပါ”လို့ ဟိန်းဝေယံ ပြော
“ဆင်ဆာ ဒီထက်ပိုပြီး ဖြေလျော့ပေးရင် ပိုကောင်းလိမ့်မယ်” ဆိုတဲ့ ခန့်စည်သူ