ပြီးခဲ့တဲ့ရက်ပိုင်းက ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ လူသေအဝတ်နဲ့ပြုလုပ်ထားတဲ့ အင်းပြားတခုကိုတွေ့ရှိခဲ့ပြီး ဒီလိုတွေ့တဲ့အတွက် လုပ်ရက်လေခြင်းလို့ပဲ တွေးတယ်လို့ ခိုင်နှင်းဝေကပြောပါတယ်။
“ကျမရဲ့မိတ်ဆွေ အစ်မတယောက်က ရန်ကုန်လာရင်းနဲ့ ကျမဆီလာလည်တာ အဲ့မှာသူက ကျိုက်မရော ဆရာတော် ဆီသွားဖူးမယ်ဆိုပြီး ပြောတယ်။ ကျမကလည်း စိတ်ညစ်နေတာ အဲ့လိုစိတ်ညစ်နေရင် ဆရာတော်ဆီသွားတယ်။ ဘုရားတရားလုပ်တယ်”
“ အဲဒါနဲ့ကျိုက်မရောဆရာတော်ကို တခါမှမဖူးဘူး။ သွားဖူးတာ ဆရာတော်နဲ့စကားတွေပြောရင်း ဆရာတော်က သမီးအမြဲတမ်းနေတဲ့နေရာမှာ အတိုက်အခံရှိတယ်ဆိုပြီး စစ်ပေးတာပေါ့။ အမြဲတမ်းနေတဲ့နေရာဆိုတော့ ကိုယ့်အိမ်လားပေါ့။ အိမ်ကလည်း ပြောင်းထားတာ ၁လလောက်ပဲရှိသေးတယ်။ ဧည့်သည်လည်း ဘယ်သူ့မှ မလာသေးဘူး”လို့ ခိုင်နှင်းဝေကပြောပါတယ်။

ဆက်လက်ပြီး “အဲ့လိုအမြဲတမ်းနေတဲ့နေရာဆိုတာလည်း ကလေးတွေဂေဟာပဲဖြစ်မယ်ပေါ့။ ကလေးတွေအတွက်ပဲ ခေါင်းထဲမှာရှိတော့ အိမ်ဆိုတာသိပ်ပြီးတော့ ခေါင်းထဲမှာမရှိဘူး။ အဲဒါနဲ့ဂေဟာကိုပဲ ဆရာတော်ရဲ့တပည့်အသက် ၇၀ ကျော်လောက်ရှိတယ်။ အဲ့အဘကိုခေါ်လိုက်တော့ ဘုရားစင်မှာ အာရုံတချက်ပြုလိုက်တဲ့အခါမှာ ရွက်လှပင်ရဲ့ အောက်မှာတဲ့ဆိုလု့ိ ဒီမှာလည်းရွက်လှပင်မရှိဘူးပေါ့။ ရှာရင်းရှာရင်းနဲ့ ဂေဟာရဲ့အရှေ့မှာရွက်လှပင်တွေရှိတယ်။ အဲ့ပတ်ပတ်လည်ကိုတူးပြီးရှာတော့ ဘာမှမတွေ့ဘူး”
“ အင်းပြားဆိုတာ ရွှေပြားကြေးပြားလို့ပဲထင်တယ်။ အဲဒါနဲ့ရွှံ့ကို ရေနဲ့ဆေးချခိုင်းတော့မှ ပိတ်စလေးတွေ့တော့ လျှော်လိုက်တာ လေးထောင့်ဟာလေးကို ပိတ်နဲ့လုံးထားတာ။ စိတ်ထဲမှာတော့ လုပ်ရက်လိုက်လေခြင်း။ ကိုယ့်ကို လုပ်တယ်ဆိုရင်တောင် ကလေးတွေရှိတဲ့နေရာမှာ လုပ်ရက်တယ်ပေါ့။ ဘယ်သူဘယ်သူကိုမှ မစွပ်စွဲပါဘူး။ စွပ်စွဲရင်သူများအကုသိုလ် ကိုယ်မယူချင်ဘူးဆိုတော့ ရေထဲပြန်မျောပေးလိုက်တယ်” လို့ ခိုင်နှင်းဝေကပြောပါတယ်။
ဂေဟာမှာရှိတဲ့ကလေးတွေကိုတော့ သစ်တံခါးဆရာတော်ရဲ့ ပရိတ်ကြိုးများကိုဆွဲပေးထားပြီး ကလေးတွေရဲ့ ကံလည်းရှိတာကြောင့် လုပ်တဲ့သူကအကုသိုလ်ဖြစ်မှာလို့ ဆိုပါတယ်။
“ကလေးတွေကတော့ သစ်တံခါးဆရာတော်ပေးထားတဲ့ ပရိတ်ကြိုးတွေကတော့ အမြဲတမ်းသူတို့လည်ပင်းမှာရှိတယ်။ ကျမဘယ်ဘုန်းကြီးကျောင်းသွားသွား သားတွေသမီးတွေအတွက်ပဲတောင်းတယ်။ ပရိတ်ရေလည်း အမြဲတမ်းလည်း ဖျန်းတယ်။ ဘုရားစာတွေလည်း အမြဲတမ်းရွတ်တယ်ဆိုတော့ သားတွေသမီးတွေကို စိုးရိမ်တာပေါ့။ ဒါပေမယ့် ကလေးတွေဆိုတော့ ကလေးတွေရဲ့ကံရှိပါတယ်။ ကျန်တာတော့ လုပ်တဲ့သူက အကုသိုလ်ဖြစ်မှာပေါ့” လို့ ခိုင်နှင်းဝေက ပြောပါတယ်။
ဒီလိုမျိုးအင်းပြားတွေ့တဲ့အကြောင်းကို Facebook မှာတင်ခဲ့တာဟာလည်း သူ့ဆီမှာအတိုက်အခိုက်တွေ ရှိနေတဲ့အကြောင်းကို သိစေချင်လို့ဖြစ်ပြီး အတိုက်အခိုက်မှန်သမျှကိုလည်း မေတ္တာထားတယ်လို့ ဆိုပါတယ်။

“ကျမကိုချစ်တဲ့သူရှိသလို မုန်းတဲ့သူလည်းရှိမှာပဲလေ။ ကိုယ့်ကိုမုန်းတဲ့သူကို ချစ်ပါလို့ပြောလို့မှမရတာ ကိုယ့်အပေါ်မှာ တိုက်ခိုက်လာတဲ့ အတိုက်အခိုက်မှန်သမျှအားလုံးက အားလုံးကိုမေတ္တာထားပါတယ်။ ကျမကိုတိုက်ခိုက်တဲ့သူ၊ မုန်းတဲ့သူတွေအားလုံးကိုလည်း ဆုတောင်းမေတ္တာပို့ပေးပါတယ်”
“ ကျမမှာလည်းချစ်ခြင်းမုန်းခြင်း မရှိဘူးပေါ့။ အဓိကကတော့ ကျမသားတွေသမီးတွေကို မထိစေချင်ဘူး။ ခံစားချက်မဲ့တယ်။ Facebook မှာတင်တာလည်း ကျမမှာ ဘယ်လိုအတိုက်အခိုက်တွေရှိတယ်ဆိုတာကို သိအောင် အဲ့လိုအတိုက်အခိုက်တွေရှိလည်း ရင်ထဲမှာမတုန်လှုပ်ဘူး” လို့ ခိုင်နှင်းဝေကပြောပါတယ်။
ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာတော့ မိဘမဲ့ဂေဟာပေါင်း ၃၁ ယောက်ရှိပြီး အလှူရှင်များရဲ့ လှူဒါန်းမှုများနဲ့ ရပ်တည်လျက်ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
မိဘမဲ့ကလေး ငါးယောက်ကို မွေးစားလိုက်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေ