လက်ရှိကိုဗစ်ကာလအချိန်ဟာ အားလုံးအတွက် ခက်ခဲပေမယ့် တကယ်ယူတတ်ရင် သင်ခန်းစာတွေ ရပါတယ်လို့ အဆိုတော် မီးနိုက ဧရာဝတီကို ဆိုပါတယ်။
“မီးနိုကိုယ်တိုင်က ပြည့်စုံနေတဲ့သူတယောက် မဟုတ်ဘူး။ မီးနိုတို့ အားလုံးအတွက် ကိုဗစ်က တကယ်ယူတတ်ရင် သင်ခန်းစာတခုရတယ်။ မီးနိုတို့ဆိုရင် သီချင်းတွေ လုပ်တယ်။ ရတဲ့ ပိုက်ဆံတွေနဲ့ သီချင်းတွေပြန်လုပ်တယ်။ “သမင် မွေးရင်းကျားစားရင်း” ဖြစ်နေတာ ။ ငွေကိုစုမထားမိတာလည်း ရှိတယ်။ စုဆောင်းမိတာလည်း နည်းတာမျိုးတွေ ရှိတာပေါ့”
“ နောက်ခံ Background ရှိသင့်တယ်လို့ ထင်တယ်။ မီးနိုအတွက်ကတော့ တခြားအလုပ်လုပ်ဖို့ ရည်မှန်းချက်က ရှိတယ်။ ပြင်ဆင်မှု အပိုင်းကျတော့ လိုအပ်နေတဲ့ အခါကျတော့ မလုပ်ဖြစ်သေးဘူး။ ကိုယ့်မှာ စုဆောင်းထားတဲ့ အရာလေးတွေ နဲ့ပဲ သားမိနှစ်ယောက်လုံး နေနေတာပေါ့။ မီးနိုတို့အသိုင်းအဝိုင်းက လူတွေ လည်း အားမလျော့ပါနဲ့လို့ပြောချင်တယ်” လို့ အဆိုတော် မီးနိုက ဆိုပါတယ်။
ကိုဗစ်ကာလမှာ အနုပညာတချို့လည်း အွန်လိုင်းပေါ်ကနေ ဈေးရောင်းလာကြပြီး ဒီလို ဈေးရောင်းဖို့အတွက် ဝါသနာမပါတဲ့အတွက် မရောင်းဖြစ်ဘူးလို့ မီးနိုကဆိုပါတယ်။
“ ဈေးရောင်းတဲ့သူတွေလည်း ဈေးတွေ ရောင်းနေကြတယ်။ မီးနိုတို့ ကျတော့ လည်း စီးပွားရေးလုပ်ဖို့ အချိန်မပေးနိုင် တော့ မလုပ်ဖြစ်တာလည်းပါတယ်။ ဝါသနာမပါတာလည်း ပါတယ်။ အားတော့ မလျော့ကြပါနဲ့။ ကိုဗစ်ကြီးပြီးရင် တက်ညီလက်ညီနဲ့ အလုပ်တွေ ပြန်လုပ်ကြမယ်လို့ အားပေးတိုက်တွန်းချင်တယ်”လို့ မီးနိုကပြောပါတယ်။
ဒီလိုကာလမှာ ဝမ်းရေးအတွက် ရှာဖွေစားသောက်နေရတာ ခက်ခဲပေမယ့် အပြင်ကိုသွားလာတဲ့အခါ ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်လေးတွေ လိုက်နာသင့်တယ်လို့လည်း ဆိုပါတယ်။
“ကိုဗစ်ပြီးတဲ့ အချိန်က မိုးတွင်းဖြစ်နေပြီ။ မိုးတွင်းကာလက ပွဲတွေ ရှားတော့ အခြေအနေကတော့ သိပ်မကောင်းဘူး။ စိတ်တော့ မလျှော့ပါနဲ့။ကိုယ်ထက် ဆာလောင်နေသူတွေ ကိုယ့်ထက်ဆိုးတဲ့ သူတွေ ရှိတာဆိုတော့ အားမလျှော့ဖို့ တော့ အားပေးချင်တယ်။ အခုချိန်မှာ ရက်တွေ ထက်တိုးတာလည်းကောင်းဖို့ အတွက်တိုးလာတာပေါ့။ ကိုယ့်အသိုင်းဝိုင်းမှာ ကိုယ့်လူနဲ့ ကိုယ်သွားလာနေတာကတော့ ဘာရောဂါမှမဖြစ်အောင်ဆင်ခြင်လို့ရတယ်”
“မဖြစ်မနေအလုပ်တွေ သွားနေကြ တယ်။ တနေ့လုပ်မှတနေ့စားနေရတဲ့သူတွေ အတွက် မဖြစ်မနေ အလုပ်ဆင်း နေရတဲ့အခါ သူတို့ အတွက် ပင်ပန်းခက်ခဲ တယ်။ သူတို့က ဒီရောဂါကို ကြည့်နိုင်မှာ မဟုတ်ဘူး။ အဓိကကတော့ ဆောင်ရန်ရှောင်ရန်လေးတွေ သေချာလုပ်ကြပါ။ ဂရုစိုက်ကြပါဦး။ လက်လည်း ခဏခဏဆေးကြပါ ”လို့ မီးနိုကပြောပါတယ်။
မီးနိုကတော့ Melody World သီချင်းဆိုပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး Galaxy Star ပြိုင်ပွဲလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ မီးနိုရဲ့ “အနှောင်အဖွဲ့” သီချင်းက ပရိသတ် အားပေးမှုတွေလည်း ရရှိခဲ့ပါတယ်။
You may also like these stories:
အကြိုက်ဆုံး စူပါဟီးရိုးမှာ ပင့်ကူလူသားလို့ Chris Evans ပြော
ရင်သွေးဂေဟာနားမှာ အင်းပြားတွေ ထားခံရတယ်လို့ ခိုင်နှင်းဝေပြော
လက်ပွားလေးပါတဲ့ အဆိုတော်မေမဒီရဲ့ “ပွားစိန်”ဆိတ်စွပ်နံပြား