Entertainment

စပိန်မှုခင်းစီးရီး “Money Heist” ကို ကိုရီးယားဗားရှင်းနဲ့ ပြန်ရိုက်ကူးမည်

၂၀၁၇ ခုနှစ်ကနေ စတင် ထုတ်လွှင့်ခဲ့တဲ့ စပိန် ဓားပြမှုခင်းဒရာမာ “Money Heist” ကို တောင်ကိုရီးယားနိုင်ငံက ပြန်ရိုက်ကူးသွားမယ်လို့ Ilgan Sports သတင်းစာက သတင်းထုတ်ပြန်ခဲ့ပါတယ်။ Netflix ရဲ့ နာမည်အကျော်ကြားဆုံး စီးရီးတခုဖြစ်တဲ့ အဲ့ဒီ စပိန်စကားပြော စီးရီးမှာ တော်ဝင်ဘဏ်တိုက်ကို ဓားပြတိုက်ဖို့ လူ ၈ ယောက်အထိ စုဆောင်းခဲ့တဲ့ ပါမောက္ခတဦးအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

မူလက အဲ့ဒီစီးရီးကို အပိုင်းနှစ်ပိုင်း ခွဲပြီး ကန့်သတ်အနေအထားနဲ့သာ ပြသဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ စပိန်နိုင်ငံရဲ့ Antena ရုပ်သံလိုင်းကနေ အပိုင်း ၁၅ ပိုင်းကို ထုတ်လွှင့်ပြီးတော့မှ တကမ္ဘာလုံးကို ထုတ်လွှင့်ဖို့ Netflix က လက်လွှဲယူခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် လူကြိုက်များ အောင်မြင်လာခဲ့ရာကနေ Season အသစ်တွေကို ဘတ်ဂျက်ငွေ အမြောက်အများသုံးပြီး ဆက်လက်ရိုက်ကူး ပြသခဲ့ပါတယ်။

အဲ့ဒီ စီးရီးဟာ ၄၆ ကြိမ်မြောက် နိုင်ငံတကာ အမ်မီဆုပေးပွဲမှာ အကောင်းဆုံး ဒရာမာဆု အပါအဝင် ဆုများစွာကို ရရှိသိမ်းပိုက်ထားပြီးလည်း ဖြစ်ပါတယ်။ အဲ့ဒီစီးရီးထဲမှာ ပါဝင်တဲ့ အီတလီဖက်ဆစ်ဆန့်ကျင်ရေး သီချင်း “Bella ciao” ဟာဆိုရင်လည်း ၂၀၁၈ ခုနှစ် ဥရောပတလွှားမှာ လူပြောအများဆုံး သီချင်းဖြစ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာပဲ အဲ့ဒီစီးရီးဟာ Netflix မှာ လူကြည့်အများဆုံး အင်္ဂလိပ်စကားပြော မဟုတ်တဲ့ စီးရီးဖြစ်ခဲ့ပါတယ်။

အီတလီ တော်ဝင်ဘဏ်တိုက်ကို အပိုင်စီးပြီး ယူရို ၂ ဒဿမ ၄ သန်း ရယူဖို့ ကြိုးပမ်းကြတဲ့ လူ ၉ ယောက်ဟာ ဘဏ်အတွင်းမှာ အချိန် ၁၁ ရက်နေပြီး ရဲတပ်ဖွဲ့ မသိအောင် ငွေတွေ ရိုက်ထုတ်ခဲ့တဲ့အကြောင်းအရာကို ပရိသတ်တွေက တော်တော်တော်လေး စိတ်ဝင်စားကြခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် သူတို့အဖွဲ့က စပိန်ဗဟိုဘဏ်ကို အနုကြမ်းစီးဖို့ ကြိုးပမ်းကြတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

အဲ့ဒီ စပိန်စီးရီးဟာ တောင်ကိုရီးယားမှာလည်း လူကြည့်အများဆုံး Netflix စီးရီး ၁၀ ခုစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ တောင်ကိုရီးယား ကုမ္ပဏီ BH Entertainment နဲ့ ထုတ်လုပ်ရေးအေဂျင်စီ ZIUM Contents တို့က ကီုရီးယား စကားပြောနဲ့ ပြန်လည် ဖန်တီးဖို့ ပြင်ဆင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ BH Entertainment ကတော့ မင်းသား လီဗြောင်ဟွန်းနဲ့ မင်းသား Yoo Ji Tae တို့လို နာမည်ကျော် သရုပ်ဆောင်တွေကို စီမံခန့်ခွဲပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ZIUM Contents ကတော့ ဟောလိဝုဒ်ကတောင် ပြန်ရိုက်ကူးမယ့် “Gonjiam: Haunted Asylum” ကိုရီးယား ရုပ်ရှင်ကို ထုတ်လုပ်ခဲ့တဲ့ စတူဒီယို ဖြစ်ပါတယ်။အခု အဲ့ဒီသတင်း ထွက်လာတဲ့အချိန်မှာတော့ ကိုရီးယားက အင်တာနက် အသုံးပြုသူတွေဟာ အဲ့ဒီနာမည်ကျော် စီးရီးမှာ ပါဝင်သင့်တဲ့ ကိုရီးယား သရုပ်ဆောင်တွေကို စတင်ရွေးချယ်နေကြပြီ ဖြစ်ပါတယ်။

Ref: straitstimes

Loading