နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့၊ ဇွန်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ အသက် ၇၅ နှစ်ပြည့် မွေးနေ့မှာတော့ ပြည်သူ ၇၅၀၀ ရဲ့ မွေးနေ့ဆုတောင်း ဓာတ်ပုံများဖြင့် ဖန်တီးထားတဲ့ ဘေလ်ဘုတ် (Billboard) ပြုလုပ်ကာ ဆုတောင်းပေးခဲ့ကြပါတယ်။
အဆိုပါ ပြည်သူ ၇၅၀၀ ထဲမှာတော့ အနုပညာရှင်များ၊ ကျော်ကြားသူများစွာ ပါဝင်ခဲ့ပြီး သူတို့တွေရဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းများကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်သူ ၇၅၀၀ ထဲမှာ ပါဝင်ခဲ့တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်က အခုလို ဆုတောင်းပေးထားပါတယ်။
“အမေစု”ရဲ့ ဓာတ်ပုံ ဟောဒီကားချပ်ကြီးထဲမှာ ကျမ ဓာတ်ပုံပါတယ်ဆိုတဲ့အသိက ကြည်နူးပီတိဖြစ်ရပါတယ်။ ဘယ်သူပါတယ်ဆိုတာ၊ တပုံချင်း ထောက်ပြလို့ မရပေမယ့်၊ အားလုံးရဲ့ ပေါင်းစည်း ညီညွတ်မှု၊ ရင်ဘတ်ချင်း တူညီမှုတို့ဟာ အနာဂတ် မြန်မာပြည်အတွက် လှပတဲ့အတွေးကို ပေးစေပါတယ်”
“ကျမတို့အားလုံး လူထုခေါင်းဆောင် အမေစုရဲ့ (၇၅) နှစ် ပြည့် မွေးနေ့မှသည် အားလုံးစည်းလုံးညီညွတ်စွာနဲ့ မြန်မာပြည် အနာဂတ် လှပဖို့ ကျရာနေရာကနေ ပုံဖော်ကြရမှာပါ။ အဲဒီအခါမှာ ငါဘယ်နေရာမှာပါတယ်ဆိုတာ ပြနိုင်ဖို့ ၊ မြင်ရဖို့ထက်။ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော၊ မြန်မာပြည်အနာဂတ်ဖြစ်လာဖို့က ပိုအရေးကြီးပါတယ်။ Happy Birthday ပါ “အမေစု” ၊ အမေ ဖြစ်စေချင်တဲ့ ၊ မြန်မာပြည်ငြိမ်းချမ်းရေး အမြန်ရပါစေ”လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆုတောင်းပေးထားပါတယ်။
အဆိုတော် တင်ဇာမော်ကလည်း သူ့ရဲ့ Facebook အကောင့်မှာ မွေးနေ့ဆုတောင်းသီချင်း သီဆိုထားတဲ့ ဗီဒီယိုဖိုင် တင်ထားပြီး “၇၅ နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် ကျန်းမာပျော်ရွှင်ပါစေ အန်တီစု (အမေစု)” လို့ ဆုတောင်းပေးထားပါတယ်။
သရုပ်ဆောင် ဖွေးဖွေးကလည်း သူ့ရဲ့ မိသားစုဝင်များနဲ့အတူ “အမေ ဒေါ်အောင်ဆန်းစုကြည်၏ ၇၅ နှစ်ပြည့် မွေးနေ့အတွက် ဖွေးတို့မိသားစုမှ ဆုတောင်းလို့ အစချီကာ “အမေစု၊ သက်ရှည်ကျန်းမာ၊ အန္တရာယ်ကင်း၊ ပျော်ရွှင်ရပါစေ” လို့ ဆုတောင်းထားပါတယ်။
သရုပ်ဆောင် စမိုင်းလ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ မတိုင်ခင် တရက်က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်သို့ သွားရောက်ကာ ICJ ကို သွားခဲ့ကြတဲ့ မောင်နှမများကိုယ်စား မွေးနေ့ကိတ် သွားရောက် ပို့ပေးခဲ့ပြီး “Happy Birthday ပါ။ ချစ်ရတဲ့အမေစု သက်ရှည်ကျန်းမာပါစေ” လို့ ဆုတောင်းပေးထားပါတယ်။
သရုပ်ဆောင် ဒေါင်းကလည်း “သူမ နှလုံးသားဟာ ဗလာ” ဆိုတဲ့ ကဗျာတပုဒ်နဲ့အတူ အမှတ်တရတွေအများကြီးရှိတဲ့ ဓာတ်ပုံနဲ့အတူ အမှတ်တရအဖြစ် တင်ပေးထားပါတယ်။
You may also like these stories:
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုတွေအတိုင်း နေစေချင်တယ်”