တချိန်က အငြိမ့်ပွဲတွေမှာ ပရိသတ်များ သဲသဲလှုပ် အားပေးခံခဲ့ရတဲ့ “ရွှေညီကို” အဖွဲ့ကတော့ လက်ရှိမှာ ဘာတွေ လုပ်နေလဲဆိုတာ သိချင်လို့ မေးလာတဲ့သူတွေကို အဖွဲ့ဝင်တဦးဖြစ်တဲ့ လူရွှင်တော် ကောင်းကျော်က အခုလိုပဲ ပြောပြခဲ့ပါတယ်။
“သဘင့်တက္ကသိုလ်ကြီးမှာ နှစ်ပေါင်း ၃၀ ကျော် ပညာဆည်းပူး သင်ကြားလာပြီးနောက် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ပါမောက္ခ မစ္စတာကိုဗစ်ရဲ့ ထောက်ခံအားပေးမှုကြောင့် ဌာနအသီးသီးမှ ရာထူးအကြီးကြီးတွေနဲ့ နိုင်ငံဝန်ထမ်းကောင်းများ အဖြစ် တာဝန်ထမ်းဆောင်နေပါကြောင်း ဖြေကြားအပ်ပါသည်” လို့ ကောင်းကျော်က ဟာသနှောကာ ပြောပြထားပါတယ်။
“ဦးငြိမ်းချမ်း (စားသောက်ကုန်လုပ်ငန်း ညွှန်ကြားရေးမှူးချုပ် ) ၊ ဦးကောင်းကျော် (စားသောက်ကုန်လုပ်ငန်းညွှန်ကြားရေးမှူးချုပ် ) ၊ ဦးဝိုင်းချစ် (လူသုံးကုန်လုပ်ငန်း ညွှန်ကြားရေးမှူးချုပ်) ၊ ဦးထက်ထက် (ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးချုပ်) တို့ အသီးသီး လုပ်ကိုင်နေကြတယ်”လို့ ကောင်းကျော်က ဆိုထားပါတယ်။
လူရွှင်တော် ငြိမ်းချမ်းက လက်ရှိမှာတော့ သူကိုယ်တိုင် ချက်ပြုတ်ရောင်းချတဲ့ အုန်းနို့ခေါက်ဆွဲကို အိမ်အရောက် ဝန်ဆောင်မှုဖြင့် ရောင်းချပေးနေပြီး ကောင်းကျော်ကတော့ ကြက်တောင်ယာချက်၊ ချဉ်ပေါင်မျှစ် ဇရစ်ကြော်တို့ကို ရောင်းချလျက် ရှိပါတယ်။ လူရွှင်တော် ထက်ထက်ကတော့ တက္ကစီမောင်းနေပြီး ဝိုင်းချစ်ကတော့ ရပ်ကွက်ထဲမှာ ကုန်စုံဆိုင်ဖွင့်ထားတယ်လို့ သိရပါတယ်။
လူရွှင်တော် ၅ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့မှာတော့ ရှဲဒိုးက ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး နောက်ပိုင်းမှာတော့ ကျန်ရှိတဲ့ အဖွဲ့ဝင်များက ဘဝရပ်တည်ချက် အမျိုးမျိုးဖြင့် ရပ်တည်နေကြတာ ဖြစ်ပါတယ်။
သူတို့ အဖွဲ့ကတော့ အဖွဲ့တဖွဲ့အနေနဲ့ ပရိသတ်တွေကို မဖျော်ဖြေနိုင်ကြတော့ပေမယ့် တဦးချင်းစီသဘင်ပညာနဲ့ အသက်မွေးဝမ်းကြောင်း ဆက်လက် လုပ်ကိုင်နေကြပြီး အခုလို COVID-19 ကာလမှာတော့ အဆင်ပြေရာအလုပ်ကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
You may also like these stories:
“ရုပ်ရှင်ပြတိုက်မှာ ကျန်ခဲ့တဲ့ ပုံတွေ ပြန်ဖြည့်မှာပါ”လို့ ဦးအေးကြူလေး ပြော
ရင်သွေးဂေဟာနားမှာ အင်းပြားတွေ ထားခံရတယ်လို့ ခိုင်နှင်းဝေပြော
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ဆုတောင်းပေးကြတဲ့ အနုပညာရှင်များ