အဆိုတော် လွှမ်းပိုင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ရှိခဲ့တဲ့ အဆိုတော် Shine ရဲ့ အဖေနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ “၁၉၉၀” သီချင်းကို နားထောင်ပြီး ချီးကျူးစကားဆိုထားပါတယ်။
“Shine ဟာ ကျနော်သိထားတဲ့ လက်ရှိလူငယ် အနုပညာရှင်တွေထဲမှာ ပါရမီ အပြည့်ရှိတဲ့ လူငယ်တယောက်ပါ။ ပြည်တွင်း Artist တွေထဲမှာ Different One Music လို့ သူပြောသလိုပဲ တကယ်ကို ကွဲပြားခြားနားပြီး ကျနော် ကြိုက်နှစ်သက်ရတဲ့ Artist တယောက်ပါ” လို့ လွှမ်းပိုင်က ပြောပါတယ်။
သီချင်းရေးတဲ့ တေးရေးဆရာ တော်တော်များကို သိပြီး အချစ်သီချင်းများ၊ အပျော်သီချင်းများ ရေးရတာလွယ်ပေမယ့် မိဘ၊ သူငယ်ချင်း သံယောဇဉ်ကို ဖော်ကျူးတဲ့ သီချင်းများကိုတော့ တဖက်လူရဲ့ ရင်ထဲရောက်အောင် ရေးနိုင်ဖို့က မလွယ်ဘူးလို့ ဆိုပါတယ်။
“သီချင်းရေးတဲ့ တေးရေး တော်တော်များများ သိပါတယ်။ အချစ်သီချင်း ရေးရတာ၊ အပျော်သီချင်း ရေးရတာ လွယ်ပေမယ့် မိဘ၊ သူငယ်ချင်းအစရှိတဲ့ သံယောဇဉ်ကို ဖော်ကျူးတဲ့ သီချင်းတွေ ရေးတဲ့အခါ တော်ရုံတန်ရုံနဲ့ တဖက်လူ ရင်ထဲရောက် အောင်ရေးဖို့ မလွယ်သလို တေးရေးသူကလည်း တကယ်ရင်ထဲက ခံစားချက်အပြည့်နဲ့ ရေးမှရတာမျိုး ဖြစ်ပါတယ်” လို့ လွှမ်းပိုင်က ပြောပါတယ်။
“ဒါပေမဲ့ ဒီသီချင်းကိုတော့ Shine က လုံးဝ နားထောင်သူ ရင်ထဲရောက်အောင် ရေးနိုင်ရုံမက တေးသံစဉ်ကလည်း အများထင်သလို ဆွေးနေတဲ့သံစဉ်မျိုး မဟုတ်ဘဲ ဆွေးသွားအောင် ဖန်တီးနိုင်တဲ့ သူ့အနုပညာကတော့ တော်တော်ကြမ်းလွန်းလို့ ဒီစာနဲ့ ကျနော် ဂုဏ်ပြုချင်ပါတယ်ဗျာ”လို့ လွှမ်းပိုင်က ဆိုထားပါတယ်။
အဆိုတော် ရှိုင်းကတော့ “၁၉၉၀ “ ဆိုတဲ့သီချင်းကို ကိုယ်တိုင်ရေးသား သီဆိုထားတာဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ လူငယ်ဘဝအကြောင်းနဲ့ သူဖြတ်သန်းရောက်ရှိနေတဲ့ လူငယ်ဘဝအကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။
“ကျနော်တို့နိုင်ငံမှာ ဒီလိုတော်တဲ့ အနုပညာရှင်လက်သစ်တွေကို မီဒီယာများ၊ ပရိသတ်များအနေနဲ့ များစွာ Support လုပ်ပေးဖို့ လိုပါတယ်။ အားပေးပါ။ တန်ဖိုးထားပါ။ ဒါတကယ့်ကို အနုပညာရှင်အစစ်ပါ”လို့ လွှမ်းပိုင်က ပြောပါတယ်။
ရှိုင်းကတော့ “Now & Ever “ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ “လူယောင်ဆောင်” သီချင်းကိုလည်း ပရိသတ်များ ကြိုက်နှစ်သက်ခဲ့ကြပြီး တကိုယ်တော်အခွေ “Perfector” လည်း ထွက်ရှိထားပါတယ်။
You may also like these stories:
ဘင်ဂျမင်ဆုမ်းရဲ့ သီချင်းအသစ်ကို ချီးကျူးလိုက်တဲ့ ဖြူဖြူကျော်သိန်း
Limit မလုပ်ရတဲ့ ဂိမ်းတွေကို ကြိုက်တဲ့ အဆိုတော် လွှမ်းပိုင်