မကြာသေးခင်တုန်းက အော်စကာဆုပေးပွဲကို ၂ လလောက် နောက်ဆုတ်လိုက်တယ်လို့ ကြေညာခဲ့ပြီးနောက် ရုပ်ရှင်နဲ့ ရုပ်သံဆိုင်ရာ ကမ္ဘာကျော် ဆုပေးပွဲဖြစ်တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဇွန်လ ၂၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဟောလိဝုဒ်ရဲ့ ဆုပေးပွဲရာသီကို စတင်ဖွင့်လှစ်မယ့် ရွှေကမ္ဘာလုံး ဆုပေးပွဲကို ပုံမှန် ဇန်နဝါရီလ ပထမဆုံးတနင်္ဂနွေနေ့မှာ ပြုလုပ်လာခဲ့ရာကနေ အခုတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ ကျင်းပတော့မှာ ဖြစ်တယ်လို့ ဆုချီးမြှင့်ရေးအဖွဲ့ဖြစ်တဲ့ ဟောလိဝုဒ် နိုင်ငံခြားမီဒီယာအသင်း (HFPA ) က ပြောဆိုခဲ့ပါတယ်။
ရုပ်ရှင်လုပ်ငန်းရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုပေးပွဲဖြစ်တဲ့ အော်စကာဆုပေးပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ ဧပြီလ ၂၅ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လလယ်လောက်ကစလို့ ကမ္ဘာတဝန်းမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေကို ပိတ်လိုက်ရတဲ့အပြင် ရိုက်ကူးရေး လုပ်ငန်းတွေလည်း ရပ်နားလိုက်ရတာကြောင့် ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ ဇာတ်ကားတွေကို အပြီးသတ်နိုင်ဖို့ အော်စကာဆုပေးပွဲကို ရွှေ့ဆိုင်းလိုက်ရတာဖြစ်တဲ့အကြောင်း ရုပ်ရှင်အနုပညာနဲ့ သိပ္ပံံအကယ်ဒမီ အဖွဲ့က ဆိုပါတယ်။
HFPA အဖွဲ့ကတော့ ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်း ထုတ်ပြန်မယ့်ရက်နဲ့ ဆုရွေးချယ်မယ့် အချက်အလက် အသေးစိတ်ကိုလည်း မကြာခင် သီတင်းပတ်တွေအတွင်းမှာ ကြေညာပေးမယ်လို့ ဆိုပါတယ်။
Beverly Hills မှာ ပြုလုပ်မယ့် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဟာသပညာရှင်တွေဖြစ်တဲ့ Tina Fey နဲ့ Amy Poehler တို့က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ Bafta ပွဲလိုမျိုး တခြားဆုပေးပွဲတွေကိုလည်း ၂၀၂၁ ခုနှစ်အတွင်း ကျင်းပမယ့် အော်စကာဆုပေးပွဲနဲ့ ကပ်ပြီး ကျင်းပဖို့ ပြောင်းလဲ စီစဉ်ထားပါတယ်။
လော့စ်အင်ဂျလိစ် ဒေသမှာ ရိုက်ကူးမယ့် ဟောလိဝုဒ် ရုပ်ရှင်နဲ့ ရုပ်သံအစီအစဉ်တွေကို လူအချင်းချင်း ခပ်ခွာခွာနေရေးနဲ့ မကြာခဏ စစ်ဆေးမှုလုပ်ဆောင်ရေးဆိုင်ရာ အသေးစိတ် ညွှန်ကြားချက်တွေနဲ့အတူ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကစလို့ လုပ်ငန်းတွေ ပြန်စခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာရှိတဲ့ အဓိက ရုပ်ရှင်လုပ်ငန်း ၃ ခုကတော့ လူအချင်းချင်း ခပ်ခွာခွာနေရေး စည်းမျဉ်းတွေနဲ့ ရုပ်ရှင်လာကြည့်သူတိုင်း နှာခေါင်းစည်း ဝတ်ဆင်လာရေး သတ်မှတ်ချက်တွေနဲ့ လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။
Ref: asiaone
You may also like these stories:
ရွှေကမ္ဘာလုံးဆုပေးပွဲကို ဒေါ်လာ ၅ သန်းတန် စိန်လည်ဆွဲဝတ်ပြီး ပွဲတက်ခဲ့တဲ့ လေဒီဂါဂါ
COVID-19 ကြောင့် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ဇွန်လကုန်အထိ ရွှေ့ဆိုင်းထား